အမေရိကန်အစိုးရဟာ ပင်လယ်နီတိုက်ခိုက်မှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ ဇန်နဝါရီ ၁၇ ရက်မှာ ယီမင်အခြေစိုက် ဟူသီသူပုန်တွေကို အထူးသတ်မှတ်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားများ (SDGT) စာရင်းထဲ ပြန်လည်ထည့်သွင်းလိုက်ပါတယ်။
ဟူသီသူပုန်တွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့အတွက် ဖေဖော်ဝါရီ ၁၆ ရက်က စတင်ပြီး အထူးကမ္ဘာ့အကြမ်းဖက်သမားများအဖြစ် သတ်မှတ်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ကြေညာခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူး မစ်လာက ပြောပါတယ်။
ဒါဟာ နိုင်ငံတကာ သင်္ဘောပြေးဆွဲမှုတွေအပေါ် တိုက်ခိုက်မှုတွေကို တားဆီးဖို့ ဝါရှင်တန်ရဲ့ နောက်ဆုံးကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။
ဒီလိုသတ်မှတ်လိုက်တာဟာ အရေးပါတဲ့ ပင်လယ်နီ သင်္ဘောလမ်းကြောင်းတွေမှာ သင်္ဘောတွေကို တိုက်ခိုက်ပြန်ပေးဆွဲရာမှာ အီရန်ရဲ့ မဟာမိတ်အဖွဲ့ကို ထိရောက်ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ထိခိုက်သွားအောင်အပြင် ဟူသီတွေ အသုံးပြုတဲ့ ရန်ပုံငွေနဲ့ လက်နက်တွေကို ဖြတ်တောက်ဖို့ ရည်ရွယ်ထားကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ဟူသီအဖွဲ့ကို ဒီလိုမသတ်မှတ်ခင်မှာ သူတို့ဟာ စစ်လက်နက်ပစ္စည်းတွေကို အချိန်အတော်ကြာ ဝယ်ယူထားခဲ့ကြပြီး ဒီနှစ်ထဲမှာလည်း ဆက်ပြီး ဝယ်ယူနေခဲ့ကြောင်း၊ ပြောင်းလဲသွားတာက ၂၀၂၁ ခုနှစ်မှာ မဖြစ်လာသေးတဲ့ ပင်လယ်နီမှာ စီးပွားဖြစ် သင်္ဘောတွေကို တိုက်ခိုက်တာတွေ လုပ်လာတာကို တွေ့ခဲ့ရတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူး မစ်လာက ပြောပါတယ်။
တချိန်တည်းမှာပဲ ကုန်သည်သင်္ဘောတွေအပေါ် တိုက်ခိုက်မှုကို ရပ်တန့်ရမှာဖြစ်ပြီး လိုအပ်ရင် ထပ်လောင်းအရေးယူမှုတွေလုပ်ဖို့ အမေရိကန်က အဆင်သင့်ပဲဆိုတာ ဟူသီတွေကို ရှင်းရှင်းလင်းလင်း ဆက်ပြောသွားမယ်လို့လည်း ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ယီမင်နိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်နေတဲ့ ကမ္ဘာ့ထိပ်တန်း အလှူရှင်နိုင်ငံဖြစ်ပြီး ဆိုးရွားလှတဲ့ လူသားချင်းစာနာထောက်ထားမှု အခြေအနေကို အသိအမှတ် ပြုထားတာကြောင့် အရပ်သားလူထုကို ထိခိုက်မှုအနည်းဆုံးဖြစ်စေဖို့ ဒီအဆင့်တွေကို လုပ်ဆောင်နေရတာ ဖြစ်ကြောင်းလည်း မက်ထ်မစ်လာက ပြောပါတယ်။
စားနပ်ရိက္ခာတင်သွင်းမှုနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအပေါ် မှီခိုနေရတဲ့ ယီမင်ပြည်သူတွေအပေါ် ထိခိုက်မှုမဖြစ်စေအောင် ရည်ရွယ်ပြီး အကြမ်းဖက်အဖွဲ့အဖြစ် ရက်ပေါင်း ၃၀ အတွင်း အကျုံးမဝင်သေးခင်မှာ အကူအညီပေးရေး အေဂျင်စီတွေ အပါအဝင် အဖွဲ့အစည်းတွေဆီကို အကူအညီတွေ ဖြန့်ဝေသွားမယ်လို့ ကတိပြုခဲ့ပါတယ်။
သမ္မတ ဘိုင်ဒင်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဟူသီတွေကို အကြမ်းဖက်အဖွဲ့လို့ ခေါ်ဆိုခဲ့ပြီး ဘိုင်ဒင်အစိုးရက သူတို့ဟာ ဖဲ့ထုတ်ပစ်ရမယ့်အဖွဲ့လို့ ထုတ်ပြန်ခဲ့ပါတယ်။
Source/Photo-Reuters