ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ ကမ္ဘောဇလမ်းရှိ ရွှေတောင်ရိုး ကားဂိတ်မှာ ဇန်နဝါရီ ၁၈ ရက် ဒီနေ့မနက် အစောပိုင်း ၁၂ နာရီ ၅၈ မိနစ်လောက်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ တောင်ကြီးမြို့နယ်မီးသတ်က ပြောပါတယ်။
မီးလောင်မှုနေရာကို ပြည်နယ်၊ ခရိုင်၊ မြို့နယ်တို့က မီးငြှိမ်းသတ်ယာဉ် ၈ စီး၊ မီးသတ်ရေသယ်ယာဉ် ၂ စီးနဲ့ အရပ်ဖက်အသင်းတွေက မီးငြှိမ်းသတ်ခဲ့ကြပါတယ်။
မြို့ခံကယ်ဆယ်ရေးအသင်းဝင်တဦးက “ကုန်တင်ကုန်ချဂိတ်မှာ ညက ၁ နာရီ မထိုးခင် လောက်ကတည်းက လောင်နေတာ။ ဂိတ်ခြံဝင်းထဲက ပစ္စည်းတွေထားတဲ့ဘက်က စလောင်တာလို့ ပြောတယ်။ မြင်ရသလောက် ပစ္စည်းဂိုဒေါင်ရော အထဲက ကုန်ပစ္စည်းတွေရော တော်တော် ပါသွားတယ်။ အနောက်က ဆောက်လက်စတိုက်မှာ မီးနည်းနည်းကူးတယ်။ ခြံစည်းရိုးနားက ရုံးခန်းပုံစံတခုပါ လောင်သွားတယ်”လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် ကုန်ပစ္စည်းတွေရှိတဲ့ ကုန်ပစ္စည်းဂိုဒေါင်နဲ့ ပစ္စည်းလက်ခံရုံးခန်း အဆောက်အဦတို့ ပျက်စီးသွားပြီး ဆောက်လက်စတိုက်ရဲ့ မြေညီထပ်အရှေ့ပိုင်းလည်း မီးကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။
မီးသတ်နဲ့ အရပ်ဖက်အသင်းတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တာကြောင့် မီးလောင်မှုဖြစ်ပွားပြီး ၄၅ မိနစ်ကျော်အကြာ မနက် ၁နာရီ မိနစ် ၄၀ လောက်မှာ မီးငြိမ်းသွားပါတယ်။
မီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ ရွှေတောင်ရိုးကားဂိတ်ကို ဖုန်းဆက်သွယ် မေးမြန်းပေမဲ့ လက်ခံဖြေဆိုခြင်း မရှိသလို မီးလောင်ရတဲ့အကြောင်းအရင်းနဲ့ ပျက်စီးမှုတန်ဖိုး အသေးစိတ်ကို တောင်ကြီးမြို့နယ်မီးသတ်က စစ်ဆေးတွက်ချက်နေဆဲ ဖြစ်ပါတယ်။