ရုရှားနိုင်ငံရဲ့ ပြည်ပမှာရှိတဲ့ ဒေါ်လာ ၃၀၀ ဘီလီယံတန် ပိုင်ဆိုင်မှုတွေ သိမ်းယူပြီး ယူကရိန်းကို ကူညီဖို့စဉ်းစားနေဆဲဖြစ်တယ်လို့ ဇန်နဝါရီ ၁၇ ရက်က ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မြို့မှာကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ အနောက်နိုင်ငံ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါဟာ ဥပဒေကြောင်းအရ အင်မတန်ခက်ခဲရှုပ်ထွေးမှာဖြစ်သလို အဲဒီလိုလုပ်လိုက်ရုံနဲ့ ယူကရိန်းပြဿနာ ကုစားနိုင်မှာမဟုတ်ဘူးဆိုတဲ့ အချက်ကိုပါ သတိထားရမယ်လို့ သုံးသပ်ထားပါတယ်။
၂၀၂၂ မှာ ယူကရိန်းကို ရုရှားတပ်တွေ ဝင်ရောက်ကျူးကျော်တဲ့အတွက် အမေရိကန်နဲ့ မဟာမိတ်တွေက ရုရှားဗဟိုဘဏ်နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတို့ရဲ့ အရောင်းအဝယ်လုပ်ငန်း အားလုံးကို ပိတ်ပင်ခဲ့ပြီး အနောက်ကမ္ဘာမှာရှိတဲ့ ရုရှားပိုင်ဆိုင်မှု ဒေါ်လာဘီလီယံ ၃၀၀ လောက်ကို ပိတ်ဆို့ထားခဲ့ပါတယ်။
G7 လို့ခေါ်တဲ့ စက်မှုအင်အားကြီး ထိပ်သီး ၇ နိုင်ငံဟာ ရုရှားပိုင်ဆိုင်မှုတွေသိမ်းဖို့ ဆွေးနွေးခဲ့ကြပေမဲ့ ဒါဟာ အစဉ်အလာဖြစ်သွားမယ့်ကိစ္စ၊ လုပ်ထုံးလုပ်နည်းနဲ့ ဗဟိုဘဏ်တခုရဲ့ ပိုင်ဆိုင်မှုအပေါ် ဒီလိုလုပ်ရပ်ရဲ့ သက်ရောက်မှုတွေကို စိုးရိမ်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“ပထမဆုံး သိထားရဖို့က ရှေ့နေတွေ တန်နဲ့ချီလိုမယ့်ကိစ္စပဲ။ ဆုံးဖြတ်ချက်ကတော့ မချရသေးပါဘူး။ တကယ်လို့ ချမယ်ဆိုလည်း စုစည်းဆုံးဖြတ်တာပဲ ဖြစ်ရမယ်” လို့ အမေရိကန်ရဲ့ ယူကရိန်းစီးပွားရေး နာလန်ထူမှုဆိုင်ရာ အထူးကိုယ်စားလှယ် ပန်နီ ပရစ်ဇ်ကာက ပြောပါတယ်။
အဲ့ဒီလိုသာ သိမ်းမယ်ဆိုရင် လွတ်လပ်တဲ့ စျေးကွက်မူဝါဒတွေကို ချိုးဖောက်ရာရောက်မှာ ဖြစ်ပြီး အပြန်အလှန်အနေနဲ့ အမေရိကန်နဲ့၊ ဥရောပနိုင်ငံတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်သိမ်းပစ်မယ်လို့ ရုရှားက သတိပေးထားပါတယ်။
Source/Photo-Reuters