Home
ဆောင်းပါး
ခရမ်းဦးတင်မောင်ဝင်း ကျဆုံးခြင်း ၃၃ နှစ် 
မောင်တူး
·
January 18, 2024
Article 1_18012024

ခရမ်းဦးတင်မောင်ဝင်း

ကြယ် ကြွေခြင်း ရဲ့

သုံးဆယ့်သုံး နှစ်

ကြာပြီဖြစ်လည်း

ရင်ထဲထာဝရ ရှိနေသူ။ ။

ခရမ်း ဦးတင်မောင်ဝင်းဟာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၁၉၉၀ ရွေးကောက်ပွဲနိုင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး စစ်တပ်ရဲ့လက်ချက်နဲ့ အင်းစိန်ထောင်တွင်းမှာ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်က ကျဆုံးခဲ့ရသူပါ။ အခု ၂၀၂၄ ဇန်နဝါရီ ၁၈ ရက်မှာ သူကွယ်လွန်ခဲ့ရတာ ၃၃ နှစ်ပြည့်ပါပြီ။ ၃၃ နှစ်တိုင် ကျနော်တို့ သူ့ကို မမေ့ကြသေးပါ။ ကုန်ကုန်ပြောရရင် ဘယ်တော့မှမမေ့၊ မြန်မာ့သမိုင်းမှာ ထာဝရ ထွန်းလင်းတောက်ပနေမည့် ကြယ်နီကြီးတပွင့်ပေါ့။

ခွပ်ဒေါင်းရဲဘော်

(ခရမ်း ကိုတင်မောင်ဝင်းသို့ )

ကြီးမြတ်သော စိတ်ထား

ကြံ့ခိုင်သော မာန်အားနှင့်

သင်ကား ဘဝပြောင်းခဲ့ပြီ။

ကြွေရှာလေ တရွက်နှစ်ရွက်

မြေမှာလေ သက်ခဲ့ရ

ဖြေစရာ အကွက်မမြင်သာ

ရင်နာဖွယ် ကြုံရသည်။

ခွပ်ဒေါင်းအလံ သင်ကိုင်၍

တို့နိုင်ငံ အလင်းရောင်ရစေဖို့

သင့်ဘဝ မြှုပ်ခဲ့သည်

ဇာနည်ကွဲ့ ယောကျ်ား။

ကိုယ်ကျိုးစွန့်၍ သေခြင်းကား

မြင့်မြတ်သော သေခြင်းဖြစ်၍

ထွန်းသစ်သော သင့်ဂုဏ်ရောင်

တို့ခေတ်ကို အလင်းဆောင်လိမ့်

အောင်ပွဲတွေ တသီတတန်းနဲ့

လွမ်းလေသမျှ

ပန်းခွေချ၍ ဂုဏ်ပြုကြလိမ့်တကား။ ။

(တင်မိုး)

(ခရမ်း ကိုတင်မောင်ဝင်း ၁၈-၁-၉၁ နံနက်က ဆုံးသည်)

(ကိုတင်မောင်ဝင်း ဂုဏ်ပြုကဗျာ)

ဦးတင်မောင်ဝင်းအတွက်ကဗျာဆိုတာ

ကဗျာဆိုတာ - - -

လူ့စိတ်ဓာတ်ရဲ့

မြည်ဟည်းသံ . . . လို့ ဒေါ်အောင်ဆန်းစုကြည်က ရေးစပ်ခဲ့ဖူးပါတယ်။

ဒီသဘောပါပဲ။ ကဗျာဆရာကြီး “တင်မိုး” ကလည်း “ခွပ်ဒေါင်းရဲဘော်” (ခရမ်းဦးတင်မောင်ဝင်းသို့) ခေါင်းစဉ်တပ်ပြီး လွန်ခဲ့တဲ့ ၃၃ နှစ် ကွယ်လွန်တဲ့နေ့မှာပဲ ဂုဏ်ပြုကဗျာ ရေးစပ်ပေးခဲ့တာလေ။ ဦးတင်မောင်ဝင်းဟာ NLD ရန်ကုန်တိုင်းတာဝန်ခံပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားကိုးစိတ်ချရတဲ့ လက်ရုံးတဆူပေါ့။ စစ်အုပ်စုကို မစေ့စပ်သူ၊ ပြည်သူသည်သာ အခရာဆိုတဲ့ မူကို မြဲမြဲကိုင်ထားသူ။ အသက်ကိုသာစွန့်မယ်၊ ဒီမိုကရေစီရရှိရေး တိုက်ပွဲကိုတော့ ဘယ်တော့မှ မစွန့်လွှတ်သူမို့ စစ်အာဏာသားတွေက အငြိုး အာဃာတထား ရှင်းပစ်ခံလိုက်ရတဲ့ သဘောပါပဲ။ ထုံးစံအတိုင်း ဦးတင်မောင်ဝင်းဟာ ကင်ဆာရောဂါနဲ့ ဆုံးခဲ့ပါတယ်လို့ ထောင်မှူးက မိသားစုကို ပြောခဲ့သတဲ့။ ဦးတင်မောင်ဝင်းရဲ့ဇနီး စာရေးဆရာမကြီး (ဒေါ်) ခင်လိုင်ကြူ ကတော့ - - - ရုတ်တရက် သေနိုင်တဲ့ ရောဂါမျိုးမရှိဘဲ ထောင်တွင်းမှာ အရိုးအပြိုင်းပြိုင်းနဲ့ ကွယ်လွန်သွားပြီးမှ ကင်ဆာကြောင့်လို့ ထောင်ဆရာဝန်က အမည်တပ်ခဲ့ပါတယ် - - - လို့ သူ့ရဲ့ “လွမ်းလေသမျှ” စာအုပ်မှာ ရေးသားခဲ့ပါတယ်။ ဒါကို ဈာပနပန်းခွေမှာ အောက်ပါအတိုင်း ရေးသားဖော်ပြပြီး မကျေနပ်ကြောင်း ဆန့်ကျင်ကြောင်း ပြခဲ့ကြပါတယ်။

လူကိုသတ်တာ

ကင်ဆာတဲ့လား

ကင်ဆာ ကျဆုံးပါစေ ...။

ခရမ်းဦးတင်မောင်ဝင်း ဘဝအကြောင်း

ဦးတင်မောင်ဝင်းဟာ ၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာ ခရမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာမှာ ခိုင်လုံမဲ ၁၇,၄၂၈ မဲ၊ စုစုပေါင်း မဲရာခိုင်နှုန်း ၆၀ ဒသမ ၄၃ နဲ့ ရွေးချယ် တင်မြှောက်ခံခဲ့ရတယ်။ ခရမ်းမြို့ဇာတိ ၁၉၄၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ဖွား ဖြစ်တယ်။ ခရမ်းမြို့ အစိုးရအထက်တန်းကျောင်း၊ ရေကျော် မက်သဒစ်နဲ့ ရန်ကုန်မြို့ မြို့မအထက်တန်းကျောင်းတို့မှာ ဆယ်တန်း အောင်မြင်တဲ့အထိ ပညာသင်ကြားပြီး ၁၉၅၇-၅၈ ခုနှစ် ရန်ကုန်တက္ကသိုလ်တက်တယ်။ ဗကသများအဖွဲ့ချုပ်နဲ့ တကသအဖွဲ့ဝင်၊ ကျောင်းသားညီညွတ်ရေးတပ်ဦး တွဲဖက် အတွင်းရေးမှူး၊ ၁၉၆၂ ခုနှစ်၊ ဇူလိုင်အရေးအခင်းမှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားအခွင့်အရေး ကာကွယ်မှုတိုက်ပွဲကော်မတီ ဥက္ကဋ္ဌ၊ ၁၉၆၃ ခုနှစ်က ၁၉၇၀ ပြည့်နှစ်ထိ လုံခြုံရေးပုဒ်မ ၅ နဲ့ ထောင် ၇ နှစ် ကျခဲ့တယ်။ ၁၃၅၀ ပြည့် (၁၉၈၈ ခုနှစ်)၊ ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ စစ်ပြီးခေတ်နဲ့ လွတ်လပ်ရေးခေတ် ကျောင်းသားသမဂ္ဂဝင်ဟောင်းများ ကော်မတီမှာ ပါဝင်လှုပ်ရှားခဲ့တယ်။ အရေးတော်ပုံကြီး အပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရန်ကုန်တိုင်း စည်းအဖွဲ့ဝင် ဖြစ်လာတယ်။ ၁၉၉၀ ပြည့်နှစ်၊ အောက်တိုဘာလ ဖမ်းဆီးထောင်ချခံခဲ့ရပြီး နဝတ စစ်ထောက်လှမ်းရေးတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ ထောင်တွင်း သေဆုံးသွားခဲ့ပါတယ်။

ဦးတင်မောင်ဝင်းရဲ့အစ်ကို ဗိုလ်မှူးကြီးရဲ့သံဝေဂ

ဦးတင်မောင်ဝင်းဟာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တဦးပါ။ ရန်ကုန်တိုင်းတာဝန်ခံပါ။ NLD အာဏာရချိန်မျိုးမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်တာဝန်အထိ ဖြစ်လာနိုင်သူလို့ ခန့်မှန်းခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားထားရသူ တယောက်လည်း ဖြစ်တာကိုး။ ပြီးတော့ သူက သမ္မတကြီး ဦးဝင်းမြင့်တို့ ကရင်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်တို့လို “ငါ့ကို သတ်ရင်သတ် ယုံကြည်ချက်ကိုတော့ မစွန့်လွတ်ဘူး” ဆိုတဲ့သူ။ ဒါကြောင့်လည်း NLD အမာ ခေါင်းဆောင်လို့ ယူဆပြီး ခင်ညွန့်ထောက်လှမ်းရေးက သူ့ကို ပညာပါပါ ရက်ရက်စက်စက် သတ်ပစ်ခဲ့တာပါ။ သမိုင်းဝင်စကားတွေထဲမှာ ဦးတင်မောင်ဝင်းသေတော့ ဦးတင်မောင်ဝင်းရဲ့ အစ်ကိုဖြစ်သူ တစညပါတီက ဗိုလ်မှူးကြီးဇော်ဝင်းကို ဗိုလ်ချုပ်မှူးကြီးစောမောင်က “ကိုဇော်ဝင်းရေ လက်လွန်သွားတယ်ကွာ။ ဆောရီးပဲ။” လို့ ပြောခဲ့ပါတယ်။ ဗိုလ်မှူးကြီးဇော်ဝင်းကလည်း “ကျုပ်ညီဟာ ခံရမယ်ဆိုတာ သိပါတယ်။ ဒီလောက် ဒီလိုအခြေအနေကြီးနဲ့ ဆိုးဆိုးဝါးဝါး သေရလိမ့်မယ်လို့တော့ မတွေးခဲ့မိဘူး။” လို့ သံဝေဂနဲ့ ပြောသွားခဲ့ဖူးပါတယ်။

ဒီမိုကရေစီအတွက် အသက်စွန့်သူ

၁၉၉၀ ရွေးကောက်ပွဲမှာ သူပြောခဲ့တဲ့ ရဲရဲတောက်မိန့်ခွန်းကတော့ “ကျနော့်ရဲ့ဘဝ၊ ကျနော့်ရဲ့ အသက်ကို မြန်မာပြည် ဒီမိုကရေစီရေးအတွက် ပေးအပ်ပါတယ်။ တကယ်လို့များ မြန်မာပြည် ဒီမိုကရေစီရရှိဖို့ အရိုးတွေ တောင်လိုပုံမယ်ဆိုရင် အရိုးတောင်ပုံရဲ့ အောက်ဆုံးနေရာမှာ ကျနော့်အရိုး ရှိရပါစေ့မယ်။” ဆိုတာပါ။ တကယ်လည်း သူဟာ ဒူးမထောက် လက်မမြှောက်စတမ်း အာဇာနည်ပီသစွာ အသက်စွန့်သွားခဲ့ပါတယ်။

နောက်တခါ ၉၀ ရွေးကောက်ပွဲကာလ မဲဆွယ်ပွဲတွေမှာ ဦးတင်မောင်ဝင်း ပြောခဲ့တာတွေကို ခရမ်းအမတ်တဦးဖြစ်တဲ့ ဦးကျော်သွင်က အခုလို ရေးသားခဲ့တာကိုလည်း ပြန်လည် ဖော်ပြလိုက်ပါတယ်။

အံ့သြစရာကောင်းတာတခုက ဦးတင်မောင်ဝင်းရဲ့ အစ်ကိုကြီး ဦးဇော်ဝင်း (ဗိုလ်မှူးကြီးဇော်ဝင်း) မဆလခေတ် နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံတော်လုံခြုံရေး ကော်မတီဝင်က ဦးနေဝင်းရဲ့စစ်တပ်က စစ်အာဏာရှင်တဦး။ ညီဖြစ်သူ ဦးတင်မောင်ဝင်းက စစ်အာဏာရှင်ကို အချိန်ရှိသရွေ့ တိုက်ပွဲဝင်နေသူ။ သူတို့နှစ်ဦး ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ ခရမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှာ ယှဉ်ပြိုင်အရွေးခံရခြင်းပဲ ဖြစ်ပါတယ်။ ဦးတင်မောင်ဝင်းက ပြည်သူတွေရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကဖြစ်ပြီး သူ့အစ်ကိုကြီး ဦးဇော်ဝင်းကတော့ မဆလ တဖြစ်လဲ တစညပါတီက ဖြစ်တယ်လေ။ အဲဒီတုန်းက ဒီမိုကရေစီသမား ဦးတင်မောင်ဝင်းက စစ်အာဏာရှင်တဖြစ်လဲ ဦးဇော်ဝင်းကို အနိုင်ယူခဲ့တယ်လေ။

ကျနော်နဲ့အတူ မဲဆွယ်စည်းရုံးပွဲတွေမှာ သူ့ပြည်သူနဲ့ သူ့ဆွေမျိုးသားချင်းတွေကို ရှင်းပြချက်က မှတ်သားစရာအပြည့်ပါ။ မက္ကသံ ဆိုတဲ့ ရွာကြီးမှာ ဦးတင်မောင်ဝင်းက ...

“ဦးဇော်ဝင်းဟာ ကျနော့်အစ်ကိုကြီး၊ အဖေဆုံးသွားပြီးတဲ့နောက် ကျနော့်ကို အစစအရာရာ သွန်သင်ဆုံးမ စောင့်ရှောက်ခဲ့လို့ ကျနော့်ဖခင်ဆိုလည်း မမှားပါဘူး။ ကျနော် တခါ သေကောင်ပေါင်းလဲ ဖြစ်တဲ့အခါမှာ စင်ကာပူက ဆေးတွေမှာပြီး ကျနော် ရောဂါပျောက်အောင် ကုပေးလို့ ကျနော့်အသက်သခင် ကျေးဇူးရှင်ဆိုလည်း မမှားပါဘူး။ ဒါပေမဲ့ အခု ဒီမိုကရေစီ အရေးတော်ပုံတိုက်ပွဲမှာ အစ်ကိုကြီးတမျက်နှာတည်း မကြည့်နိုင်ဘူး။ အစ်ကိုကြီးရဲ့ ကျေးဇူးတွေကို နောက်ဘဝပြောင်းပြီး ဆယ်သက်ဆပ်ရဦးတော့ ကျနော်ဆပ်မယ်။ အခုအချိန်မှာတော့ ဒီမိုကရေစီလိုလားတဲ့ သန်း ၅၀ မြန်မာပြည်သူတွေရဲ့ မျက်နှာကိုပဲ ကျနော် ကြည့်နိုင်မယ်။”

“၁၉၆၂ စစ်တပ်က ပြည်သူ့အာဏာကို သိမ်းလိုက်တော့ အစ်ကိုကြီးနဲ့ ကျနော့်ကြားမှာ ရေမြောင်းကလေး ခြားသွားပါပြီ။ အဲဒီအချိန်က ခုန်ကူးမယ်ဆို ကူးလို့ရနိုင်လောက်တဲ့ အကျယ်၊ ရေတသွင်သွင်နဲ့ စီးနေတဲ့မြောင်း။ ဒါပေမဲ့ ဆဲဗင်းဂျူလိုင် အရေးအခင်းကြီး အပြီးမှာတော့ ခုန်ကူးလို့မရတော့ဘဲ မြောင်းကြီးဖြစ်သွားပါပြီ။”

“အဲဒီနောက် ၇၂ ကျွန်းဆွယ်အရေးအခင်း၊ ၇၄ အလုပ်သမားအရေးတော်ပုံ၊ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့် အရေးအခင်းတွေ အပြီးမှာတော့ အစ်ကိုကြီးနဲ့ ကျနော့်ကြားမှာ မြောင်းကြီးကနေ ချောင်းကြီး၊ မြစ်ကြီး၊ ပင်လယ်ကြီး ခြားသွားပါပြီ။”

“အခု ရှစ်လေးလုံးအရေးတော်ပုံကြီး အပြီးမှာတော့ အစ်ကိုကြီးနဲ့ ကျနော့်အကြား သွေးပင်လယ်ကြီး ခြားသွားပါပြီ။ ဦးမြို့ (ဖခင်)၊ ဒေါ်သန်းရှင် (မိခင်) တို့ရဲ့ တအူတုံဆင်း ညီအစ်ကိုအရင်းတွေ ဖြစ်ကြပေမဲ့ အစ်ကိုကြီးနဲ့ ကျနော်တို့ဟာ ဘယ်တော့မှ မဆုံနိုင်စရာ သွေးပင်လယ်ကြီး၊ ကျောင်းသား ရဟန်း ပြည်သူတွေရဲ့ သွေးပင်လယ်ကြီး ခြားသွားပါပြီ”။ ပြီးတော့ “ကျနော့်ရဲ့ဘဝ၊ ကျနော့်ရဲ့အသက်ကို မြန်မာပြည် ဒီမိုကရေစီရေးအတွက် ပေးအပ်ပါတယ်။ တကယ်လို့များ မြန်မာပြည် ဒီမိုကရေစီရရှိဖို့ အရိုးတွေ တောင်လိုပုံမယ်ဆိုရင် အရိုးပုံရဲ့ အောက်ဆုံးနေရာမှာ ကျနော့်အရိုး ရှိနေရပါစေမယ်” တဲ့။

နွေဦးကာလ ဦးတင်မောင်ဝင်းနဲ့ စိတ်တူသူများ

ဦးတင်မောင်ဝင်းက သူ့အစ်ကို ဗိုလ်မှူးကြီးနဲ့ ပင်လယ်ကြီး ခြားခဲ့လေပြီ။ သည်သို့ဆိုပါက ဒီနေ့ ပြည်သူ ၄,၄၀၀ နီးပါးကို ၃ နှစ်အတွင်း သတ်ဖြတ်ခဲ့သော၊ ပြည်သူ ၂၅,၀၀၀ ကျော်ကို ၃ နှစ်တာအတွင်း ဖမ်းဆီးနှိပ်စက်နေခဲ့သော၊ ပြည်သူ့အိုးအိမ် သောင်းချီပြီး မီးရှို့ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက်စစ်တပ် ဆိုလျှင်တော့ ပြည်သူတွေနဲ့ စကြဝဠာကြီးပင် ခြားနေပါတော့မည်။ ဒါကြောင့်လည်းပဲ မျိုးဆက်သစ် လူငယ်ထုက စစ်တပ်၊ စစ်အာဏာရှင်တွေကို အမြစ်ဖြတ်ဖို့ နွေဦးတော်လှန်ရေးကြီးမှာ တိုက်ပွဲဝင်နေကြပြီ မဟုတ်ပါလား။ ဟုတ်ပါတယ်။ ဒါကြောင့်လည်း ဇန်နဝါရီ ၁၈ ရက်မှာ မတရားသတ်ဖြတ်ခံခဲ့ရသူ ဦးတင်မောင်ဝင်း ၃၃ နှစ်ပြည့်မှာ ဦးတင်မောင်ဝင်းနဲ့တကွ ခေတ်အဆက်ဆက် အာဇာနည်အထောင်အသောင်းရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပြီး စစ်အာဏာရှင်ကို ဘုံရန်သူအဖြစ် ဦးတည် ညီညာဖြဖြ တိုက်ထုတ်သွားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024