ထိုင်းနိုင်ငံအလယ်ပိုင်း၊ ဆုဖန်းပူးရီးခရိုင်၊ ဆုဖန်းပူးရီးမြို့ရှိ မီးရှူးမီးပန်းစက်ရုံတခုမှာ ဇန်နဝါရီ ၁၇ ရက် ညနေပိုင်းက ပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၂၃ ဦး သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဆုဖန်းပူးရီးမြို့ ဆာလာခေါဝ်ရပ်ကွက်မှာရှိတဲ့ အဲဒီစက်ရုံမှာ မနေ့က ညနေ ၃ နာရီခွဲလောက်က စတင်ပေါက်ကွဲခဲ့တာဖြစ်ပြီး အခင်းဖြစ်နေရာကို ခရိုင်ဝန်ကိုယ်တိုင် ကယ်ဆယ်ရေး လုပ်သားတွေနဲ့ အတူ သွားရောက် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ပေါက်ကွဲမှုပြင်းထန်တာကြောင့် စက်ရုံထဲက အလုပ်သမားတွေဟာ မီတာ ၁၀၀ အကွာအထိ လွင့်စင်ခဲ့ပြီး မီးပါလောင်ခဲ့လို့ အဆောက်အအုံတခုလုံး ပြိုကျသွားတယ်လို့ ကယ်ဆယ်ရေး လုပ်သားတွေက ပြောပါတယ်။
ရှာဖွေကယ်ဆယ်ရေးအဖွဲ့သားတွေဟာ သေဆုံးဒဏ်ရာရသူတွေကို အပျက်အစီးပုံတွေထဲကနေ တညလုံး ရှာဖွေကြရာမှာ ဒီနေ့ ဇန်နဝါရီ ၁၈ ရက် မနက် ၂ နာရီခွဲအထိ အလောင်း ၂၃ လောင်းနဲ့ ဒဏ်ရာရသူ ၆ ဦးကို တွေ့ရှိတယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုမဖြစ်ခင်က စက်ရုံထဲမှာ အလုပ်ရှင်နဲ့ အလုပ်သမား စုစုပေါင်း အယောက် ၃၀ လောက်ရှိနေပြီး ကိစ္စတခုနဲ့ အပြင်သွားနေသူ တဦးတည်းသာလျှင် ဘေးကင်းခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူတွေထဲမှာ စက်ရုံပိုင်ရှင်ရဲ့ဇနီး နန်းဆဲန်ဒိန် ဘန်ကျန်နဲ့ သားဖြစ်သူတို့ ပါသွားခဲ့ပါတယ်။ အမည်စာရင်းတွေအရ လူ အယောက်ဟာ ထိုင်းနိုင်ငံသားတွေ ဖြစ်ပြီး ကျန် ၃ ဦးကတော့ ဘယ်သူ ဘယ်ဝါဆိုတာ စိစစ်နေဆဲလို့ သိရပါတယ်။
စက်ရုံဟာ တရားဝင်မှတ်ပုံတင်ထားပြီး စက်ရုံပေါက်ကွဲရတဲ့အကြောင်းကိုတော့ တာဝန်ရှိသူတွေ က စုံစမ်းဆဲဖြစ်ပါတယ်။
အဲဒီစက်ရုံမှာ လွန်ခဲ့တဲ့ ၂ နှစ်ကလည်း ပေါက်ကွဲမှုတခါ ဖြစ်ပွားခဲ့ပြီး လူ ၁ ဦး သေဆုံးခဲ့တယ်လို့ ချန်နယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြခဲ့ပါတယ်။
Source: Ch3Plus