ရိုးမားအသင်းရဲ့ ဂန္ထဝင်ကစားသမားဟောင်း ဒန်နီရယ်လီဒီရော့ဆီကို ရာသီမကုန်ခင်အထိ နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တယ်လို့ စီးရီးအေကလပ်က အတည်ပြုပါတယ်။
ရိုးမားအသင်းဟာ ဇန်နဝါရီ ၁၆ ရက်က နည်းပြဟိုဆေးမော်ရင်ဟိုနဲ့ လမ်းခွဲခဲ့ပြီးနောက် နာရီပိုင်းအကြာမှာဘဲ ဒီရော့ဆီကို တာဝန်ပေးခဲ့တာပါ။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အေစီမီလန်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ရိုးမားဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာမှာသာ ရပ်တည်နေတာကြောင့် နည်းပြဟောင်း မော်ရင်ဟိုအနေနဲ့ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ရိုးမားတိုက်စစ်မှူး ပေါ်လ်လိုဒီဘားလား အပါအဝင် အဓိက ကစားသမားတွေကို ဆုံးရှုံးထားတာကြောင့် ရုန်းကန်နေခဲ့ရတာဖြစ်ပြီး ထိပ်ဆုံးနေရာက အင်တာမီလန်နဲ့ ၂၂ မှတ်အထိ ကွာဟနေပြီ ဖြစ်ပါတယ်။
ရိုးမားအသင်းမှာ ၁၈ နှစ်တာ ကစားပေးခဲ့တဲ့ ဒီရော့ဆီကို လာမယ့်နှစ် ဇွန်လအထိ စာချုပ်ချုပ်ဆိုခဲ့ကြောင်း ကလပ်ဘက်က သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် ရိုးမားအသင်းဟာ နောက်ဆုံး လိဂ် ပွဲစဉ် ၅ ပွဲမှာ ၄ မှတ်သာ ရရှိခဲ့တဲ့အပြင် ပြီးခဲ့တဲ့အပတ်က ကိုပါအီတာလီယာ ပြိုင်ပွဲကိုပါ နှုတ်ဆက်ခဲ့ရပါတယ်။
ပေါ်တို၊ ချဲလ်ဆီး၊ အင်တာမီလန်၊ ရီးရဲယ်မက်ဒရစ်နဲ့ မန်ယူနိုက်တက်စတဲ့ ဥရောပထိပ်သီး အသင်းကြီးတွေမှာ မော်ရင်ဟိုက အောင်မြင်မှု ရရှိခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်အတွင်း ရိုးမားအသင်းရဲ့ နည်းပြချုပ် ဖြစ်လာခဲ့ပါတယ်။
ဒီပေါ်တူဂီလူမျိုး နည်းပြ လက်ထက်မှာ ရိုးမားအသင်းက ယူရိုပါကွန်းဖရန့် လိဂ်ဖလားကို အရယူနိုင်ခဲ့သလို ယူရိုပါလိဂ် ပြိုင်ပွဲမှာလည်း ဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။
လာမယ့် ဇန်နဝါရီ ၂၀ ရက်မှာ ရိုးမားအသင်းက ဗီရိုနာအသင်းကို အိမ်ကွင်းပွဲစဉ် အဖြစ် လက်ခံကစားသွားရဖို့ ရှိနေပါတယ်။
Photo-Reuters