၁၀၂၇ စစ်ဆင်ရေးစတင်ပြီးတဲ့နောက် တနင်္သာရီတိုင်းမှာ မြို့နယ်ကျော်ခရီးသွားတဲ့ အရပ်သားတွေကို စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေက လုံခြုံရေးအကြောင်းပြပြီး ချိန်းခြောက်ငွေညှစ်တာတွေ လုပ်ဆောင်နေတယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။
တနင်္သာရီတိုင်းအဝင် မလွှဲတောင်ကနေ ကော့သောင်းမြို့အထိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ပေါင်း ၃၀ ကျော်အထိရှိပြီး ဂိတ်ငယ်တွေမှာ ကျပ်ငွေ ထောင်ဂဏန်းနဲ့ ဂိတ်ကြီးတွေမှာ ကျပ်ငွေ သောင်းဂဏန်းအထိ ပေးဆောင်နေရတယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
ခရီးသည်တဦးက“ကျနော် မြိတ်ကနေ ကော့သောင်းသွားတုန်းက ကားလက်မှတ်က ၃၅၀၀၊ စစ်ဆေးရေး ဂိတ်တွေမှာ ပေးရတာက ၃၅၀၀၀ ကျော်၊ ခရီးတခါသွားရင် ၆၀၀၀၀ ကျော်ကုန်နေတယ်။ ဒါတောင် အသွားပဲရှိသေးတာ။ လုံခြုံရေးအရ စစ်ဆေးတာတော့ နားလည်ပါတယ်။ အခုက ကျနော်တို့ကို လုံခြုံရေးအကြောင်းပြပြီး ငွေညှစ်တာတော့ လက်မခံနိုင်ဘူး။ ပြီးတော့ ကိုယ့်တိုင်းအတွင်းမှာတောင် လွတ်လပ်စွာသွားလာခွင့် မရှိတော့ဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေက မြို့နယ်ကျော်ခရီးသွားလာတဲ့ ပြည်သူတွေကို မှတ်ပုံတင်စစ်ဆေးတာ၊ ရပ်ကွက်ထောက်ခံစာစစ်ဆေးတာနဲ့ ကိုယ်တည်းမယ့်အိမ်ရဲ့ အာမခံချက်တွေပါ တောင်းယူစစ်ဆေးနေတာလို့ ဆိုပါတယ်။
ယာဉ်မောင်းတဦးက “အခုလိုမျိုး ငွေကြေးခြိမ်းခြောက်တောင်းယူတာဟာ ခရီးသည်တွေမှာရော ကားလိုင်းတွေမှာရော တော်တော်ဒုက္ခရောက်တယ်။ အရင်ကထက် ခရီးသွားသူ ပိုနည်းလာတယ်။ သူတို့က လုံခြုံရေးအရမဟုတ်ဘဲ ပိုက်ဆံညှစ်ဖို့လုပ်နေတော့ ခရီးစဉ်တွေဟာ ပိုကြပ်ကြာတာပေါ့” လို့ ပြောပါတယ်။
တနင်္သာရီတိုင်းမှာ မြို့နယ် ၁၀ ခုရှိပြီး ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တို့ဟာ စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီး စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသလည်းဖြစ်တယ်လို့ သိရပါတယ်။