အာဏာသိမ်း စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်တွေကို ခုခံတိုက်ခိုက်ရင်း မသန်စွမ်းသူတွေ ဖြစ်သွားခဲ့ကြတဲ့ PDF ရဲဘော်တွေ အပါအဝင် နွေဦးတော်လှန်ရေးတိုက်ပွဲဝင် အနုပညာရှင် ၅ ဦးရဲ့ ပန်းချီအနုပညာပွဲကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ Borderline အနုပညာ ပြခန်းမှာ ဇန်နဝါရီ ၁၀ ရက်ကနေ ၁၇ ရက်အထိ ၈ ရက်ကြာ ပြုလုပ်ခဲ့ပါတယ်။
ဒီပန်းချီပြပွဲမှာ ပန်းချီကား ၃၀ ကျော်ကို ခင်းကျင်းပြသထားပြီး ရောင်းရငွေတွေကို ဒဏ်ရာရ ရဲဘော်တွေ အသုံးပြုဖို့ လူနာတင်ကားဝယ်ယူရာမှာ ထည့်သွင်း အသုံးပြုသွားမယ်လို့ ပန်းချီဆရာ တဦးက ပြောပါတယ်။
ပန်းချီပြပွဲကိုတော့ ဒဏ်ရာရ တော်လှန်ရေးရဲဘော်တွေကို စိတ်ပိုင်း ရုပ်ပိုင်း အကူအညီပေးနေတဲ့ Sunshine Care Center (SCC) က စီစဉ် ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။
ပန်းချီပြပွဲဟာ ဇန်နဝါရီ ၁၇ ရက် ညနေ ၅ နာရီမှာ ပြီးဆုံးသွားပေမဲ့ ကျန်ရှိ ပန်းချီကားတွေကို အွန်လိုင်းကနေ ဆက်လက်ရောင်းချသွားမယ်လို့ SCC ပြောခွင့်ရှိသူ မနေခြည်လင်းက ပြောပါတယ်။