ကားတစီးမောင်းလို့ရအောင် ကျယ်တဲ့ ဥမင်၊ ဘောလုံးကွင်းသုံးကွင်းစာ ကျယ်တဲ့ လမ်းကြောင်း၊ ၇ ထပ်လောက်နက်တဲ့ ကြောင်လိမ်လှေခါး အပါအဝင် ဂါဇာမြေအောက်ဥမင်တွေရဲ့ ကျယ်ပြန့်မှုနဲ့ အရည်အသွေးက အစ္စရေးစစ်ဘက် တာဝန်ရှိသူတွေကို အံ့အားသင့်စေခဲ့တယ်လို့ နယူးယောက်တိုင်းမ် သတင်းစာက ဖော်ပြပါတယ်။
စစ်ပွဲမစခင်ကတည်းက ဂါဇာမှာ အစ္စရေးစစ်တပ်အတွက် အဓိကခြိမ်းခြောက်မှုဟာ ဒီဥမင်တွေပဲဖြစ်မယ်လို့ ခန့်မှန်းထားကြပေမဲ့ တကယ်တမ်း ကြုံတွေ့ရတဲ့အခါ မျှော်လင့်ထားတာထက် ပိုကျယ်ပြန့်၊ နက်ရှိုင်းနေတာ ဖြစ်ပါတယ်။
ဒီလို ဥမင်ကွန်ရက်တွေဖြစ်အောင် ဆောက်လုပ်တဲ့ စက်ပစ္စည်းတွေကို မြင်ရတဲ့အခါမှာလည်း အံ့အားသင့်စရာ ဖြစ်ခဲ့ရတယ်လို့ အစ္စရေးစစ်ဘက် တာဝန်ရှိသူတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းကတော့ ဂါဇာဥမင်တွေရဲ့ စုစုပေါင်းအရှည်ဟာ မိုင် ၂၅၀ လောက် ရှိမယ်လို့ အစ္စရေးစစ်ဘက်က ခန့်မှန်းခဲ့ပါတယ်။
အခုအခါမှာတော့ မိုင် ၃၅၀ ကနေ မိုင် ၄၅၀ လောက်ထိတောင် ရှိနိုင်တယ်လို့ အကြီးတန်း စစ်ဘက်တာဝန်ရှိသူနှစ်ဦးက နယူးယောက်တိုင်းမ် သတင်းစာကို ပြောပါတယ်။
စစ်ရေးနဲ့ပတ်သက်တဲ့ကိစ္စဖြစ်လို့ အမည်ဖော်ပြဖို့ကိုတော့ နှစ်ဦးစလုံးက ငြင်းဆိုပါတယ်။ မြေပြင်မှာ အရှည်ဆုံးပွိုင့်မှ ၂၅ မိုင်ပဲရှိတဲ့ ဒီကမ်းမြောင်မှာ မြေအောက်မှာ ချိတ်ဆက်ထားတဲ့ ဥမင်လမ်းကြောင်းက မိုင် ၄၀၀ ကျော်တယ်ဆိုတာ တကယ့်အံ့မခန်းကိစ္စပါ။
အဲဒီကွန်ရက်ကိုဝင်တဲ့ တွင်းခေါင်းပေါက်ကတင် ၅,၇၀၀ လောက်ထိ ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။
ဒီကိန်းဂဏန်းတွေဟာ ခန့်မှန်းချက်သာဖြစ်ပေမဲ့ အစ္စရေးတာဝန်ရှိသူတွေက ရရှိတဲ့ သတင်းအချက်အလက်ကို အခြေခံပြီး တွက်ချက်ထားတာ ဖြစ်ပါတယ်။
မြေပြင်တိုက်ပွဲစကတည်းက အစ္စရေးစစ်သား ၁၉၀ နီးပါးသေဆုံးပြီး ၂၄၀ လောက် အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။
ဥမင်တွေထဲက တိုက်ပွဲတွေမှာ ဘယ်လောက်ကျဆုံးတယ် ဆိုတာမျိုး သီးခြားထုတ်ပြန်ထားတာ မရှိပေမဲ့ ဥမင်တွေထဲကို မျှားခေါ်ပြီး ဗုံးခွဲသတ်ပစ်တဲ့ ဗီဒီယိုဖိုင်တခုကို ဟားမတ်စ်တွေက နိုဝင်ဘာလတုန်းက ထုတ်ပြန်ခဲ့ဖူးပါတယ်။
Source/Photo-Reuters