ပဲခူးတိုင်း၊ ညောင်လေးပင် ခရိုင်ထဲမှာ စစ်ကောင်စီရဲ့ တင့်ကား ၂ စီးနဲ့ သံချပ်ကာကား ၁ စီးတို့ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က ဇန်နဝါရီ ၁၇ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
ကေအန်ယူ တပ်မဟာ ၃၊ မုန်းမြို့နယ် အုပ်ချုပ်နယ်မြေ၊ နတ်သံကွင်းမြို့ကို ပဲနွယ်ကုန်းမြို့ကနေ စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ တင့်ကားနဲ့ သံချပ်ကာကား ပါတဲ့ ယာဉ်တန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နဲ့တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တင့်ဖျက်မိုင်းတွေ ဆင်ထားခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၄ ရက်မနက်မှာ ၁ လုံး၊ ၅ ရက်ညမှာ ၁ လုံး၊ ၆ ရက်မနက်ပိုင်းမှာ ၁ လုံး စုစုပေါင်း တင့်ဖျက်မိုင်း ၃ လုံး ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမိုင်းပေါက်ကွဲတာတွေကြောင့် စစ်ကောင်စီတပ်ရဲ့ တင့်ကား ၁ စီး ပက်လက်လန်သွားသလို သံချပ်ကာကားက ရှေ့ပိုင်းပျက်စီးသွားပြီး အဲဒီကားတွေကို စစ်ကောင်စီက ပဲနွယ်ကုန်းမြို့ထဲကို ကရိန်းကားတွေနဲ့ ဆွဲသွားတယ်လို့ မျက်မြင်တွေ့တဲ့ ပဲနွယ်ကုန်းမြို့ခံက ပြောတယ်လို့ ဆိုပါတယ်။
ပြီးတော့ နတ်သံကွင်းမြို့နားက ညောင်ဝိုင်းကျေးရွာနားမှာလည်း တင့်ကားပျက် ၁ စီးရောက်နေတယ်လို့ ဒေသခံတွေဆီက သိရကြောင်းဆိုပါတယ်။
ကော်သူးလေအုပ်ချုပ်နယ်မြေ ခရိုင် ၇ ခုမှာ နေ့တိုင်း တိုက်ပွဲတွေဖြစ်နေပေမဲ့ စစ်ရေးဆိုင်ရာ သတင်းအချက်အလက် လုံခြုံရေးအရ သတင်းတွေကို အချိန်နဲ့ တပြေးညီ မထုတ်ပြန်တာလို့ ကေအန်ယူက ဆိုပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)နဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့အနေနဲ့ ကရင်အမျိုးသားတွေ လွတ်မြောက်ရေးအတွက်သာမက ဘဝတူ အဖိနှိပ်ခံ တိုင်းရင်းသားပြည်သူလူထုနဲ့ တသားတည်းရပ်တည်ပြီး အာဏာရှင်စနစ်ပပျောက်ရေးအတွက် ဦးဆောင်တိုက်ပွဲဝင်နေတယ်လို့လည်း ဆိုပါတယ်။
ဓာတ်ပုံ − နတ်သံကွင်းမြို့သို့ ပဲနွယ်ကုန်းမြို့မှ စစ်ကူလာသည့် ထိခိုက်ပျက်စီးနေသော တင့်ကား။