ချင်းပြည်နယ်၊ ပလက်ဝဒေသက စစ်ကောင်စီတပ်သား ၂၇၈ ဦးဟာ ဇန်နဝါရီ ၁၇ ရက် ညနေ ၄ နာရီလောက်က အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်လိုင်ခရိုင်၊ ဘန်ဒေါက်ဘန်ဂါရွာကို ထပ်မံထွက်ပြေးခိုလှုံလာကြတယ်လို့ မီဇိုရမ်သတင်းတွေမှာ ရေးသားဖော်ပြပါတယ်။
မီဇိုရမ်ပြည်နယ်၊ ပါရ်ဗာကျေးရွာ တစ်ဖက်ကမ်း မြန်မာနိုင်ငံဘက်ကအခြမ်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို တိုက်ပွဲအပြင်းအထန် ဖြစ်ပွားရာကနေ ထွက်ပြေးလာကြတဲ့ စစ်သားတွေ ဖြစ်ပြီး အာသံရိုင်ဖယ်တပ်က ကူညီဆောင်ရွက်ပေးနေတယ်လို့ မီဇိုရမ် သတင်းရင်းမြစ်က ပြောပါတယ်။
ဇန်နဝါရီလ အစောပိုင်းမှာ ပလက်ဝမြို့ကို ရက္ခိုင့်တပ်တော်(အေအေ)က သိမ်းပိုက်ခဲ့ကာ စစ်ကောင်စီ ကင်းစင်ဒေသအဖြစ် ကြေညာခဲ့ပြီး မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေကနေ ထွက်ပြေးသွားကြတာ ဖြစ်တယ်လို့ စစ်ရေးနဲ့ နီးစပ်သူက ပြောပါတယ်။
ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသတွေက စခန်းသိမ်းပွဲ တိုက်ပွဲတွေကနေ စစ်ကောင်စီတပ်သား ၄၀၀ ကျော် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံခဲ့ကြပြီး မီဇိုရမ်၊ အိုင်းဇော်လ်၊ လဲန်းပွီးလေဆိပ်ကနေ အိန္ဒိယအစိုးရက မြန်မာနိုင်ငံဘက်ကို လေကြောင်းနဲ့ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ အိန္ဒိယနိုင်ငံ သတင်းတွေမှာ ရေးသားဖော်ပြထားပါတယ်။