Home
မြန်မာသတင်း
မိန်းကလေးနှင့် အမျိုးသမီး ၁၇ ဦးကို လိင်ကုန်ကူးမှုမှ ကယ်တင်
DVB
·
January 18, 2024
538822-DVB-News-730x365-1

အသက် ၁၄ နှစ် အရွယ် မိန်းကလေးတွေအပါအဝင် အမျိုးသမီး ၁၇ ဦးကို မြန်မာနိုင်ငံမှာ လူကုန်ကူးမှုကနေ ကယ်တင်နိုင်ခဲ့ကြောင်း ယူကေအခြေစိုက် နိုင်ငံတကာတရားမျှတရေးအဖွဲ့ (IJM)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာတရားမျှတရေးအဖွဲ့ (IJM: International Justice Mission ) ရဲ့ မိတ်ဘက်အဖွဲ့အစည်းတစ်ခုနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအထူးအဖွဲ့တို့ ပူးပေါင်းကာ ကယ်တင်ခဲ့တာလို့ ဆိုပါတယ်။

လိင်ကုန်ကူးခံရမယ့် အဖွဲ့ထဲက မိန်းကလေးငယ်တယောက်ရဲ့ အဒေါ်ဖြစ်သူက လူပျောက် တိုင်ကြားခဲ့ပြီးနောက်မှာ ရှာဖွေစုံစမ်းမှုတွေ စတင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ မိန်းကလေးဟာ နိုက်ကလပ်တစ်ခုမှာ လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုတွေ လုပ်ကိုင်ဖို့ ခိုင်းစေခြင်းမခံရမီ စားသောက်ဆိုင်တစ်ခုမှာ မတရားဖိိနှပ် ခိုင်းစေခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီမိန်းကလေးတွေကို တွေ့ရှိခဲ့တဲ့ ပြည့်တန်ဆာအိမ်မှာ ပြစ်မှုကျူးလွန်သူ (စေခိုင်းသူ) နှစ်ယောက်ကိုလည်း ဖမ်းဆီးရရှိခဲ့တယ်လို့ IJM က ပြောပါတယ်။

အဲဒီမိန်းကလေးတွေကို ကယ်တင်နိုင်ခဲ့ပြီးနောက် IJM ရဲ့ မိတ်ဘက်အဖွဲ့က ကျန်းမာရေး အပါအဝင် နေရာထိုင်ခင်းနဲ့ လိုအပ်တဲ့ စောင့်ရှောက်မှုတွေ ထောက်ပံ့စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။

IJM ရဲ့ တရားရေးဆိုင်ရာ မိတ်ဘက်အဖွဲ့ကလည်း လွတ်မြောက်လာတဲ့ မိန်းကလေးငယ်တွေရဲ့ လုံခြုံရေးကို ကာကွယ်နိုင်ရေးအတွက် လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေး ဥပဒေနဲ့အညီ စစ်ဆေးဆောင်ရွက်နေကြောင်း IJM က ပြောပါတယ်။ တရားဥပဒေရေးရာ စစ်ဆေး မေးမြန်းမှုတွေကို အဲဒီအဖွဲ့ထဲက ၆ ယောက်လည်း ခံယူရတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ယာယီစခန်းမှာ စောင့်ရှောက်ထားတဲ့ သူတို့ကို မိဘအုပ်ထိန်းသူတွေဆီ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း IJM က ထုတ်ပြန်ထားပါတယ်။

ကယ်တင်နိုင်ခဲ့တဲ့ မိန်းကလေးတွေရဲ့ နေရပ်၊ အခင်းဖြစ်ပွားရာ နေရာနဲ့ အချိန်တွေကိုတော့ IJM က ထုတ်ပြန်ထားခြင်း မရှိပါဘူး။

Source: IJM-UK

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024