ရှမ်းမြောက်တခွင် စစ်ဆင်ရေးတွေ ဝုန်းဒိုင်းကြဲနေတဲ့ နိုဝင်ဘာလအတွင်း အာဆီယံရဲ့အသံကို တချက်ကြားခဲ့ရတယ်။ နိုဝင်ဘာ ၂၀ ရက်ကနေ ၂၂ ရက်အထိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားရဲ့ ကမကထပြုမှုနဲ့ NUG အစိုးရ၊ ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားလက်နက်ကိုင်တချို့နဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ကြားခံလူတွေ ပါဝင်တဲ့ ဆွေးနွေးပွဲတရပ် ဂျကာတာမှာ ကျင်းပခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်တယ်။
ချက်ချင်းဆိုသလိုပဲ NUG အစိုးရက စစ်အုပ်စုကိုယ်စားလှယ်တွေ အပါအဝင် ဘယ်သူနဲ့မှ တွေ့ဆုံခဲ့ခြင်းမရှိ၊ အာဆီယံနဲ့သာ သီးသန့်တွေ့ဆုံဆွေးနွေးမှုရှိကြောင်း ထုတ်ပြန်လိုက်ချိန်မှာတော့ အာဆီယံ တခန်းရပ်သွားတော့တယ်။ တိုက်ပွဲတွေရဲ့ကြား အရှိန်အဟုန် မြင့်တက်လာတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေရဲ့အရေး အာဆီယံက သူနဲ့မဆိုင်သလို မသိချင်ယောင်ဆောင်ခဲ့တယ်။
မြန်မာ့အရေး ၁ လကျော်ကြာ ချောင်ထဲဝင်ပုန်းနေတဲ့ အာဆီယံရဲ့အသံကို အခုနှစ်သစ် ဇန်နဝါရီရောက်မှ လတ်လတ်ဆတ်ဆတ်ကြီး ပြန်ကြားရတော့တယ်။ ၂၀၂၄ ခုနှစ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံက ဇန်နဝါရီ ၁ ရက်နေ့မှာပင် မြန်မာ့အရေး အာဆီယံ အထူးသံတမန်ကို ခန့်အပ်ကာ မြန်မာ့အရေး လာအိုရဲ့ အာရုံစိုက်မှုကို ဖော်ပြခဲ့တယ်။
၂၀၂၄ ခုနှစ်ရဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံခန့် မြန်မာ့အရေး အာဆီယံအထူးသံတမန် မစ္စတာ အာလွန်ကဲအို ကစ်တီကွန်ဟာ ဝါရင့်သံတမန်တဦးဖြစ်ပြီး လာအိုနိုင်ငံရဲ့ နိုင်ငံခြားရေးဒုဝန်ကြီးဟောင်းလည်း ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြကြတယ်။
အာဆီယံအထူးသံတမန်သစ်ဟာ မြန်မြန်ဆန်ဆန်ပဲ ဇန်နဝါရီ ၁၀ ရက်မှာ နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ လက်ဆွဲနှုတ်ဆက်၊ စစ်အုပ်စုခန့် ငြိမ်းချမ်းရေးအဖွဲ့၊ စစ်အုပ်စုနဲ့ ဖန်ခွက်ချင်းတိုက်နေတဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ စစ်အုပ်စုအသိအမှတ်ပြု နိုင်ငံရေးပါတီတွေနဲ့ သီးခြားစီတွေ့ဆုံကာ သူ့ရဲ့ သံတမန်ရေးတီးလုံးကို ထူးမခြားနားပတ်ပျိုးနဲ့ စဖွင့်လိုက်တယ်။ အထူးသံက မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်အောက်ကနေ လာအိုနည်း လာအိုဟန်နဲ့ မြန်မာ့အရေးကို ဆောင်ရွက်သွားမယ်လို့ နေပြည်တော်ခရီးစဉ်အတွင်း ပြောကြားခဲ့ကြောင်း သိရတယ်။
လာအိုက မြန်မာ့အရေးကို ဘယ်လိုနည်း ဘယ်လိုဟန်နဲ့ပဲ ချဉ်းကပ်သည်ဖြစ်စေ စစ်အုပ်စုကတော့ သူတို့အကျိုး လိုလားတယ်လို့ ယူဆတဲ့သူတွေကိုသာ နေပြည်တော် အလာခံတာကတော့ အထင်အရှားပါပဲ။ မြန်မာ့အရေး ပထမဆုံးခန့်အပ်ခံရတဲ့ ဘရူနိုင်းနိုင်ငံရဲ့ အထူးသံဆိုရင် နေပြည်တော်ကို အရောက်မလှမ်းနိုင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ မင်းအောင်လှိုင်က သူတွေ့ခွင့်ပြုတဲ့လူထက် ပိုတွေ့ချင်တာမျိုးတွေကို ပြတ်ပြတ်သားသား ပယ်ချတာကြောင့်ပါပဲ။
၂၀၂၂ ခုနှစ်မှာတော့ မြန်မာအကြမ်းဖက်စစ်အုပ်စုအပေါ် စာနာထောက်ထားမှုရှိတဲ့ ကမ္ဘောဒီးယားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန် စတင်ယူခါစ ၂၀၂၂ ခုနှစ်၊ ဇွန် ၇ ရက်မှာပဲ နေပြည်တော်မှာ မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး ရလဒ်ကောင်းတွေပဲ ထွက်ပေါ်လာသယောင် ပြောကြားခဲ့သလို မြန်မာ့အရေး အာဆီယံမူ ၅ ရပ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ မူ ၅ ရပ်နဲ့ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ် ဆက်စပ်ဖော်ဆောင်ရေး လမ်းကြောင်းကိုတောင် ပရိုမိုးရှင်း လုပ်ခဲ့ပါသေးတယ်။
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းဟာ မြန်မာ့အရေး အာဆီယံအထူးသံတမန် အဖြစ် ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်မှာ ပထမအကြိမ်နဲ့ ဇွန် ၂၉ ရက်မှာ ဒုတိယအကြိမ်အဖြစ် နေပြည်တော်ကို လာရောက်ခဲ့ပါတယ်။ ပရက်ဆော့ခွန်းရဲ့ နေပြည်တော်ခရီးစဉ်အတွင်း မင်းအောင်လှိုင် တွေ့ခိုင်းတဲ့လူတွေနဲ့ တွေ့ပြီး ပြန်လာတာသာ ရှိပါတယ်။
ပရက်ဆော့ခွန်းရဲ့ အထူးသံ သက်တမ်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က ထိန်းသိမ်းထားတဲ့အိမ်ကနေ နေပြည်တော်အချုပ်ထောင်ထဲ ပြောင်းပို့တဲ့ကိစ္စအပေါ် ရှားရှားပါးပါး ကန့်ကွက်ခဲ့ဖူးသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပြုဖို့ တောင်းဆိုခဲ့ပေမဲ့ မင်းအောင်လှိုင်ရဲ့ အဖက်မလုပ်ခြင်းကိုသာ ခံခဲ့ရပါတယ်။
၂၀၂၃ ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန် ယူတဲ့အခါမှာတော့ အလုပ်မဖြစ်နိုင်မှန်းသိတဲ့ အင်ဒိုနီးရှားဟာ အာဆီယံအထူးသံ သီးသန့်ခန့်အပ်ခြင်း မရှိသလို နေပြည်တော်ခရီးစဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပြုရေး တရားဝင်တောင်းဆိုခြင်း မလုပ်ဘဲ တရားဝင် အရှက်ကွဲမယ့်အရေးကနေ ရှောင်ကွင်းခဲ့ပါတယ်။
အခု ၂၀၂၄ ခုနှစ်၊ အပြုတ်တိုက်ရေးလိုင်းပေါ် ပြတ်ပြတ်ရပ် ပြတ်ပြတ်တိုက်နေကြတဲ့အချိန်မှာ လာအိုနိုင်ငံက မင်းအောင်လှိုင် ဆုတ်ဖြဲလွှင့်ပစ်ထားတဲ့ အာဆီယံမူ ၅ ရပ်ကို ဖွဖွလေးကိုင်ကာ မင်းအောင်လှိုင်အလိုကျ တွေ့ဆုံမှုတွေနဲ့ စဖွင့်လိုက်ပါတယ်။
ပြောရရင် အရင် ကမ္ဘောဒီးယားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန် ယူစဉ်က နည်းလမ်းအတိုင်း စစ်အုပ်စုတဖက်တည်း ဆက်ဆံရေးနဲ့ စစ်အုပ်စုနဲ့ ဆက်ဆံရေးကောင်းရေးအပေါ် အခြေပြုတဲ့ သံခင်းတမန်ခင်းလည်း ဖြစ်ပါတယ်။ ဒီနေ့ထိတိုင် အာဆီယံဟာ စစ်အုပ်စုငြိုငြင်မှာ စိုးတာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တရားဝင် ထိတွေ့ဆက်ဆံခြင်း မပြုဘဲ စစ်အုပ်စုနဲ့သာ တဖက်သတ် ဆက်ဆံနေပါတယ်။
အာဆီယံမူ ၅ ရပ်ဆိုတာ စစ်အုပ်စုရဲ့ နေ့စဉ် အကြမ်းဖက်မှုတွေကြောင့် ပြန်ဆက်စပ်လို့ မရအောင် စုတ်ပြတ်နေပြီဖြစ်ကြောင်း အာဆီယံရော လာအိုနိုင်ငံပါ သိရှိပြီးဖြစ်ပါတယ်။ စားပွဲဝိုင်းပေါ် မြန်မာ့အရေး သက်ဆိုင်သူတွေ တွေ့ဆုံရေးဆိုတာ ဒီနေ့ဒီအချိန်မှာ ဘယ်လိုမှ မဖြစ်နိုင်မှန်း သိကြပေမဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေကို လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စကနေ စတင်နိုင်မလားဆိုပြီး လာအိုနိုင်ငံက စိတ်ကူးယဉ်ကြည့်ပုံ ရပါတယ်။
အာဆီယံအထူးသံတမန် ကစ်တီကွန်က စာနာမှုအကူအညီပေးရေးကိစ္စ အလှူရှင်ရရှိရေးအတွက် သူလည်းကြိုးစားသွားမှာဖြစ်သလို အပစ်ရပ် လက်နက်ကိုင်တွေကိုလည်း ကြိုးစားကြဖို့ နေပြည်တော်မှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အထူးသံ ကစ်တီကွန်ဟာ နေပြည်တော်ခရီးစဉ်အပြီး ဇန်နဝါရီ ၁၁ ရက်မှာ ထိုင်းနိုင်ငံကို ဆက်လက်ထွက်ခွာသွားပါတယ်။ ထိုင်းအစိုးရက စစ်အုပ်စုနဲ့ပူးပေါင်းပြီး မြန်မာ-ထိုင်း နယ်စပ်တလျှောက်က စစ်ဘေးဒုက္ခသည်တွေကို စာနာမှုအကူအညီ ပေးသွားမယ်လို့ ဆိုထားလေတော့ အဲဒီကိစ္စအပေါ် ဆွေးနွေးဖို့ အထူးသံ ကစ်တီကွန် ထိုင်းကိုသွားပုံရပါတယ်။
အခု အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံက ဖော်ဆောင်လိုတဲ့ စာနာမှုအကူအညီပေးရေး ဆိုတာကလည်း စစ်အုပ်စုခွင့်ပြုချက်နဲ့ စစ်အုပ်စုခွင့်ပြုသလောက် စစ်အုပ်စုလမ်းကြောင်းကနေ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးရေးပဲ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တကြော အားပြင်းတဲ့ မိုခါမုန်တိုင်းဝင်စဉ်က စစ်နဲ့ လုံးဝမသက်ဆိုင်တဲ့ မုန်တိုင်းသင့်ပြည်သူတွေကိုတောင် ကုလနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက စစ်အုပ်စုခွင့်ပြုသလောက် အကန့်အသတ်နဲ့သာ ကူညီခွင့်ရခဲ့တာ အားလုံးမျက်မြင်ပါပဲ။
မုန်တိုင်းသင့်ပြည်သူတွေကို ကူညီဖို့တောင် အဲဒီလို ကန့်သတ်ခဲ့တယ်ဆိုရင် စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးရေးကိစ္စ စစ်အုပ်စု ဘယ်လောက်ထိ ကြည်ဖြူနိုင်မလဲဆိုတာ ဖြေစရာမလိုဘူးလို့ ယုံကြည်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကစပြီး တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးသင့်ပြည်သူ ခန့်မှန်း ၆၃၀၀၀၀ နီးပါး ရှိခဲ့ပြီး စာနာမှုဆိုင်ရာ မိတ်ဘက်အဖွဲ့တွေက ဝင်ရောက်ကူညီခွင့် ကန့်သတ်ချက်တွေနဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ အဟန့်အတားတွေကို ကြီးမားစွာ ရင်ဆိုင်နေရကြောင်း UNOCHA Myanmar က ဇန်နဝါရီ ၁၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကစလို့ ဒီနေ့အချိန်ထိ စစ်ဘေးသင့်ပြည်သူတွေကို ကူညီခွင့်ရခဲ့ကြောင်း UNOCHA Myanmar က တကြိမ်တခါမှ ထုတ်ပြန်ခဲ့ခြင်း မရှိလေတော့ စစ်အုပ်စုရဲ့ ပိတ်ဆို့မှုတွေကြောင့် ဆန်လေးတဘူး၊ စောင်လေးတထည်တောင် ကူညီခွင့်မရသေးဘူးလို့ ကောက်ချက်ချရင် မမှားနိုင်ပါဘူး။
ဒီနေ့ စစ်ဘေးသင့်ပြည်သူတွေဟာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတာ မှန်ပေမဲ့ စစ်တပ်က ပြည်သူတွေကို ပစ်မှတ်ထားကာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးကြရတာလည်း မနည်းပါဘူး။ ပြီးတော့ ထွက်ပြေးကြတဲ့ စစ်ဘေးသင့်များစွာဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေထဲ ရောက်ရှိခိုလှုံနေကြတာပါ။
ဆိုတော့ စစ်တပ်က ဒုက္ခပေးလို့ ထွက်ပြေးကြရတဲ့ ပြည်သူတွေကို စစ်အုပ်စုနဲ့ပေါင်းပြီး ကူညီချင်တဲ့ အာဆီယံရဲ့ ဉာဏ်အမြော်အမြင်က စိတ်ဝင်စားစရာပါပဲ။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ၃ ဆက်အတွင်း ဘာဆိုဘာမှ ဖြစ်မလာတဲ့ မြန်မာ့အရေးဟာ လာအိုနိုင်ငံအလှည့်မှာ ဘာမှမဖြစ်လာလည်း အရှက်ရ သိက္ခာကျစရာ မရှိဘူးလို့ လာအိုနိုင်ငံက ခံယူထားပုံရပါတယ်။