ပဲခူးမြို့အထွက် ကလိစစ်ဆေးရေးဂိတ်မှာ ဇန်နဝါရီ ၁၇ ရက် ည ၁၁ နာရီဝန်းကျင်က ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒေသခံ တဦးက “ Drop ဗုံးနဲ့ချတာလား ဗုံးနဲ့ပစ်ခံရတာလားတော့ မသိဘူး။ ဒီနေ့မနက်ကျတော့ စစ်တပ်ရော ရဲရော အင်အားတိုးပြီး ချထားတယ်။ နှစ်ဦး ဒဏ်ရာရတယ် ကြားတယ်”လို့ ပြောပါတယ်။
ပဲခူး အမှတ် ၂ နယ်မြေရဲစခန်း Drop ဗုံးနဲ့ တိုက်ခိုက်ခံရပြီးနောက် သတိထားဖို့ တိုင်းစစ်ဌာနချုပ်ကမှာပြီး တပတ်အကြာမှာ ထပ်မံတိုက်ခိုက်ခံရတာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ဗုံးပေါက်တာတော့ ဟုတ်တယ်။ တပ်က ဒဏ်ရာ မရဘူးလို့ သတင်း တက်ထားတယ်။ ဗုံးမပေါက်ဘူးတောင် ပြောတယ်။ ရဲတယောက် ဒဏ်ရာရလို့ ဖြစ်စဥ်အမှန်သိရတာ။”
ဇန်နဝါရီ ၈ ရက် မနက်အစောပိုင်းကလည်း ပဲခူးမြို့၊ အမှတ် ၂ နယ်မြေရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရပြီး ရဲတပ်ကြပ်ကြီး တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
လတ်တလောမှာ ပဲခူးမြို့ပေါ်ရပ်ကွက်တွေအတွင်း တပ်မ ၆၆ နဲ့ ၇၇ လက်အောက်ခံ တပ်ရင်းတွေ က ကင်းလှည့် စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။