ရခိုင်ပြည်နယ်မှာ အေအေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲတွေ ဖြစ်နေတာကြောင့် တောင်သူတွေအနေနဲ့ စပါးနဲ့ ကောက်ပဲသီးနှံတွေ ရိတ်သိမ်းချိန်ဖြစ်ပေမဲ့ မရိတ်သိမ်းနိုင်ဘဲ ပြေးလွှားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စပါး၊ ကွမ်း၊ ကြက်သွန်၊ ပဲနဲ့ မြေပဲစတဲ့ ကောက်ပဲသီးနှံမျိုးစုံကို အဓိက စိုက်ပျိုးကြပြီး တိုက်ပွဲတွေဖြစ်လာတဲ့နောက် စစ်တပ်က ရွာတွေထဲ နယ်မြေရှင်းလင်းနေတာ ကြောင့် အိုးအိမ်ပစ် ထွက်ပြေးနေ ကြရသူတွေ တနေ့ထက်တနေ့ ပိုများလာတယ်လို့ အိုးအိမ်စွန့် ထွက်ပြေးနေရသူတွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
အိုးအိမ်စွန့် ထွက်ပြေးနေရသူတွေကို ကူညီပေးနေသူ တဦးက “ဒီဒေသတွေဘက်မှာ စစ်ရှောင်တွေ တိုးလာတယ်ပြောရမှာပေါ့။ စစ်ကြောင်းထိုးတာက များလာတယ်။ အများအားဖြင့် ရွာတွေက ပြေးရတာပေါ့။ အခုချိန်မှာဆိုရင် သီးနှံသိမ်းချိန်ပါ။ သီးနှံလည်း ကောင်းကောင်းမသိမ်းနိုင်ဘူး။ သီးနှံ သိမ်းမယ် လုပ်လိုက်၊ စစ်တပ်က စစ်ကြောင်းထိုးလို့ ပြေးလိုက်ရ ပြန်ရော” လို့ ကပြောပါတယ်။
စစ်တပ်တွေ ရွာတွေထဲ ဝင်မလာခင်ကတည်းက ကြိုတင်လမ်းကြောင်းရှင်းတဲ့သဘော ပစ်ခတ် လေ့ရှိသလို တချို့ရွာတွေမှာ စခန်းချ တပ်စွဲတာမျိုးတွေလည်း လုပ်တယ်လို့ သိရပြီး စစ်တပ်က ရွာတွေအပေါ် လက်နက်ကြီးတွေနဲ့ မကြာမကြာ လှမ်းပစ်နေတာကြောင့် ဒေသခံတောင်သူ လယ်သမားတွေ နေအိမ်တွေမှာ မနေရဲဘဲ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
ဒေသခံလယ်သမား တဦးက “အသက်ပဲ အဓိက လုပြီး ပြေးကြရတာလေ။ မိုခါမုန်တိုင်းတုန်းက လည်း စိုက်ပျိုးထားတဲ့ စပါးခင်းသီးနှံခင်းတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်။ အခုလည်း တိုက်ပွဲဖြစ်လာ လို့ စပါးတွေ မရိတ်သိမ်းရသေးဘူး” လို့ ပြောပါတယ်။
၂၀၂၃ခုနှစ် နိုဝင်ဘာလအတွင်း ရက္ခိုင့်တပ်တော်(အေအေ)က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲ စတင်ဖော်ခဲ့ပြီးနောက်မှာ စစ်တပ်နဲ့ တကျာ့ပြန်တိုက်ပွဲတွေ ဖြစ်လာခဲ့တာပါ။