ယီမင်နိုင်ငံမှ ဟူသီသူပုန်အဖွဲ့ဟာ ဇန်နဝါရီ ၁၇ ရက်က အေဒင်ပင်လယ်ကွေ့ရှိ ဂျန်ကို ပီကာဒီအမည်ရှိ အမေရိကန်ကုန်တင်သင်္ဘောကြီးကို ရေတပ်ဒုံးကျည်တွေ အများအပြားနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာမှာ တိုက်ရိုက်ထိမှန်ခဲ့ကြောင်း ဟူသီရဲ့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ယာယျာဆာရီးက ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။
ဟူသီရေတပ်ဟာ ယီမင်ကို ခုခံကာကွယ်ဖို့နဲ့ ဖိနှိပ်ခံ ပါလက်စတိုင်း ပြည်သူတွေကို ဆက်ပြီး ပံ့ပိုးကူညီဖို့ ပင်လယ်နီနဲ့ အာရေဗျပင်လယ်ထဲက ခြိမ်းခြောက်မှု အရင်းအမြစ် အားလုံးကို ပစ်မှတ်ထားဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့လည်း ယာယျာဆာရီးက ပြောပါတယ်။
အမေရိကန်နဲ့ ဗြိတိသျှတို့ရဲ့ ရန်လိုမှုကို တုံ့ပြန်ဖို့ဟာ ရှောင်လွှဲမရကြောင်းနဲ့ သူတို့ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်သင်္ဘောတွေလည်း ပါဝင်လာအောင် တိုးချဲ့တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့လည်း ဟူသီတွေက ခြိမ်းခြောက်ပြောဆိုပါတယ်။
ယီမင်ရဲ့ ဟူသီလက်နက်ကိုင်တပ်ဖွဲ့တွေဟာ သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်း ဆိပ်ကမ်းတွေက လွဲလို့ ကမ္ဘာတဝန်းရှိ နေရာအားလုံးကို အာရေဗျပင်လယ်နဲ့ ပင်လယ်နီတို့မှာ ရေကြောင်းသွားလာမှုကို ဆက်လက်လုပ်ဆောင်နေကြောင်း အတည်ပြုထားတယ်လို့ ယာယျာဆာရီးက ပြောပါတယ်။
အစ္စရေးရဲ့ ရန်လိုမှု ရပ်တန့်ပြီး ဂါဇာကမ်းမြောင်ရှိ ပါလက်စတိုင်းပြည်သူတွေကို ဝိုင်းရံထားမှုကို မရုပ်သိမ်းမချင်း အစ္စရေးသင်္ဘောတွေနဲ့ သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်း ဆိပ်ကမ်းတွေဆီကို ဦးတည်သွားတဲ့ သင်္ဘောတွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးကို ရပ်တန့်သွားမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
နိုဝင်ဘာလကတည်းက ဒေသတွင်းရှိ သင်္ဘောတွေကို အီရန်မဟာမိတ် ဟူသီပြည်သူ့စစ်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အာရှနဲ့ ဥရောပအကြား ကုန်သွယ်မှု နှေးကွေးခဲ့ပြီး အဓိကအင်အားကြီး နိုင်ငံတွေကို စိုးရိမ်ထိတ်လန့်စေခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters