မြောက်ကိုရီးယားအရေးဆွေးနွေးဖို့ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ တောင်ကိုရီးယားအထူးကိုယ်စားလှယ်ဂင်မ်ဂွန်းနဲ့ ဂျပန်နိုင်ငံက အာရှနဲ့ သမုဒ္ဒရာနိုင်ငံများရေးရာ ဗျူရိုလက်ထောက်ဝန်ကြီး ဟိရိုယုကိ နာမာဇုတို့ဟာ ဇန်နဝါရီ ၁၇ ရက်က ဆိုးလ်မြို့မှာ တွေ့ဆုံခဲ့ ကြပါတယ်။
ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံ ထိပ်တန်းနျူကလီးယား သံတမန်တွေနဲ့ အမေရိကန်သံတမန် ဘတ်ဂ်ဂျွန်တို့ဟာ ဇန်နဝါရီ ၁၈ ရက်မှာ သုံးနိုင်ငံတွေ့ဆုံပြီးတော့ တင်းမာမှုတွေ မြင့်တက်နေတဲ့ မြောက်ကိုရီးယားရဲ့ လတ်တလော လှုပ်ရှားမှုတွေ၊ ရုရှားနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးမယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဇန်နဝါရီ ၁၄ ရက်မှာ မြောက်ကိုရီးယားဟာ လောင်စာခဲသုံး အသံထက်မြန်တဲ့ တာလတ်ပစ် ဒုံးကျည်အသစ်ကို စမ်းသပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချွဲဆွန်းဟီကလည်း ဇန်နဝါရီ ၁၅ ရက် ကတည်းက ရုရှားနိုင်ငံကို ရောက်ရှိနေတာပါ။
ပြုံယမ်းရဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေ ဆက်တိုက်ပစ်လွှတ်မှုတွေနဲ့ သူ့ရဲ့ ပထမဆုံး စစ်ဘက် ထောက်လှမ်းရေးဂြိုဟ်တု ပစ်လွှတ်မှုအပြင် ပြုံယမ်းနဲ့ မော်စကိုအကြား နက်နက်ရှိုင်းရှိုင်း ဆက်ဆံရေးတွေကြောင့် ဝါရှင်တန်နဲ့ သူ့မဟာမိတ်တွေ စိုးရိမ်ပူပန်ခဲ့ကြပြီး ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုတွေလည်း ကြီးထွားခဲ့ပါတယ်။
ဒီနောက်မှာတော့ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်မှုနဲ့ နိုင်ငံခြားရေးဝန်ကြီး ရုရှားနိုင်ငံကို သွားရောက်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
Source/Photo - Reuters