ယီမင်နိုင်ငံက ဟူသီသူပုန်အဖွဲ့ဟာ အစ္စရေးနိုင်ငံကို ဦးတည်လာနေတဲ့ ဇိုဂရာဖီယာ သင်္ဘောကို ပစ်မှတ်ထားပြီး ရေတပ်ဒုံးကျည်တွေနဲ့ တိုက်ရိုက်ပစ်ခတ်ခဲ့ကြောင်း ဟူသီအဖွဲ့ရဲ့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ယာယျာ ဆာရီးက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
“သတိပေးပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပြီးတော့ ဇိုဂရာဖီယာရဲ့ သင်္ဘောအမှုထမ်းတွေက သတိပေးချက်တွေကို ပယ်ချခဲ့ပြီးနောက်မှာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်” လို့ ဆိုပါတယ်။
ယီမင်ရဲ့ ဟူသီလက်နက်ကိုင်တပ်ဖွဲ့တွေဟာ အစ္စရေးရဲ့ ရန်လိုမှုတွေ ရပ်တန့်မသွားမချင်း၊ ဂါဇာကမ်းမြောင်ရှိ ပါလက်စတိုင်းလူမျိုးတွေအပေါ် ဝိုင်းရံပိတ်ဆို့ထားမှုတွေ မရပ်တန့်မချင်း အစ္စရေးသင်္ဘောတွေအပြင် ပင်လယ်နီနဲ့ အာရေဗျပင်လယ်ရှိ အစ္စရေးရန်သူနဲ့ ဆက်နွှယ်နေတဲ့ သင်္ဘောတွေ အသွားအလာတွေကို တားဆီးမယ့် ဆုံးဖြတ်ချက်ကို ဆက်ပြီး အကောင်အထည် ဖော်နေကြောင်းလည်း ယာယျာဆာရီးက ပြောပါတယ်။
မော်လ်တာအလံ လွှင့်ထူထားတဲ့ ဂရိပိုင် သင်္ဘောကြီးတစင်းဟာ ယီမင်ဆိပ်ကမ်းရဲ့ အနောက်မြောက်ဘက် ရေမိုင် ၇၆ မိုင်အကွာ ပင်လယ်နီမှာ ဒုံးကျည်ထိမှန်ခံခဲ့ရကြောင်း လုံခြုံရေးကုမ္ပဏီတခုနဲ့ ဂရိသင်္ဘောသွားလာရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ် ၂ ခုတို့က ပြောကြားခဲ့ပါတယ်။
ဇိုဂရာဖီယာ သင်္ဘောအမှုထမ်း ၂၄ ဦးနဲ့ ဗီယက်နမ်ကနေ အစ္စရေးနိုင်ငံကို ရွက်လွှင့်နေခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရချိန်မှာ ဘာကုန်သေတ္တာမှ ရှိမနေကြောင်းနဲ့ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ဂရိသတင်းရင်းမြစ်တခုက ပြောပါတယ်။
ဗြိတိန်ရေကြောင်းကုန်သွယ်မှု စစ်ဆင်ရေး (UKMTO) ကလည်း ယီမင်နိုင်ငံ ဆာလိဖ်ရဲ့ အနောက်မြောက်ဘက် ရေမိုင် ၁၀၀ လောက်အကွာမှာ ကုန်တင်သင်္ဘောတစီးကို အမည်မသိ အရာဝတ္ထုတခုက ဝင်တိုက်မိခဲ့တယ်လို့ ကုမ္ပဏီလုံခြုံရေးအရာရှိက သတင်းပေးပို့ခဲ့ကြောင်း လူမှုမီဒီယာ X မှာ ပို့စ်တင်ထားပါတယ်။
သင်္ဘောရဲ့ ရေအမှတ်လိုင်း အပေါ်နားမှာ ထိခိုက်ပျက်စီးမှုရှိခဲ့ပေမဲ့ မီးလောင်မှုမရှိဘူးလို့ ဆိုပါတယ်။
ရေယာဉ်နဲ့ သင်္ဘောသားတွေ ဘေးကင်းကြလို့ သူ့ရဲ့လမ်းကြောင်းအတိုင်း နောက်ဆိပ်ကမ်းဆီ ဆက်သွားနေကြောင်းလည်း ပြောပါတယ်။
အမေရိကန်စစ်တပ်ဟာ အင်္ဂါနေ့က ဟူသီ သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည် ၄ စင်းကို ယီမင်မှာ တိုက်ခိုက်မှုအသစ်တခု ပြုလုပ်ခဲ့ကြောင်း အမေရိကန်အရာရှိ ၂ ဦးက ရိုက်တာကို ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters