ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အစည်းအဝေးတရပ် ခေါ်ယူကာ စီစဉ်နေကြောင်း သိရပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ ဇန်နဝါရီ ၁၅ ရက်က ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် တာဝန်ရှိသူတွေက တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနိုင်ဖို့အတွက် ညှိနှိုင်းအစည်းအဝေးတရပ်ကို ပြုလုပ်ခဲ့ကြကြောင်း ပြည်နယ်အစိုးရအဖွဲ့ရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ဝန်ကြီးချုပ်ကတော့ အခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၁၁ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကျင်းပသွားဖို့ မှာကြားသွားတာပါ။ အဓိကကတော့ ရခိုင်ပြည်ထဲမှာ အောင်ချက်မြင့်မားအောင် အောင်အောင်မြင်မြင်နဲ့ လုပ်နိုင်ဖို့ အားလုံး ဝိုင်းဝန်းကြိုးစားပေးကြဖို့ကိုလည်း တိုက်တွန်းသွားတယ်။”
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား တိုက်ပွဲတွေပြင်းထန်လာခဲ့ပြီး လက်ရှိအချိန်အထိ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာတွေကြောင့် အရပ်သား ထိခိုက်ပျက်စီးမှုတွေလည်း ရှိနေပါတယ်။
စစ်တွေမြို့မှ ကျောင်းသားမိဘတဦးက “အခုလို တိုက်ပွဲတွေဖြစ်နေတာကို ဘယ်လိုလုပ်ပြီး စာမေးပွဲလုပ်မလဲ။ ကျနော်တို့သားသမီးတွေ စာမေးပွဲသွားဖြေတဲ့အချိန် လုံခြုံမှုက ဘယ်လောက်ထိ ရှိနိုင်မှာလဲ။ မနေ့တုန်းကပဲ လေဆိပ်မှာ ဗုံးပေါက်တယ်ကြားထားတယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း မင်းပြား၊ မြောက်ဦး၊ စစ်တွေ၊ ကျောက်တော်၊ ရမ်းဗြဲ စတဲ့မြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ ပြည်သူ သိန်းဂဏန်းခန့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ကူညီရေးအဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။