ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ အုပ်ချုပ်ရေးမှူးတွေက ဦးဆောင်ပြီး ရပ်ရွာလုံခြုံရေးအတွက်ဆိုကာ ရပ်ကွက်နဲ့ ကျေးရွာတခုကို အနည်းဆုံး လူအယောက် ၂၀ နဲ့ ပြည်သူ့စစ်ဖွဲ့ဖို့ စာရင်းတွေ ကောက်ယူနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကျုံပျော်ဒေသခံတယောက်က “ဟုတ်တယ်ဗျ မနေ့ကမှသိရတာ၊ အုပ်ကြီးတွေက သူတို့ဘာသာသူတို့ စာရင်းတွေလုပ်ပြီး လူစုနေတာ။ ကျနော်ဆို စာရင်းထဲမှာ ကိုယ်ပါတာကို ပါလို့ပါမှန်းတောင် မသိဘူး။ ကိုယ့်ဒေသ ကိုယ့်ရပ်ရွာ လုံခြုံရေးလို့ ပြောတယ်။ လူငယ်တွေကို ပြည်သူ့စစ်အဖွဲ့ထဲမှာ ထည့်ထားချင်နေတာ။ သူတို့သာ ပြဿနာမရှာရင် လုံခြုံရေးဆိုတာ မလိုဘူး” လို့ ပြောပါတယ်။
ကျုံပျော်မြို့နယ်မှာ ရပ်ကွက်နဲ့ ကျေးရွာတခုကို အနည်းဆုံး လူအင်အား အယောက် ၂၀ နဲ့ ပြည်သူ့စစ်ဖွဲ့တာဟာ ဒေသခံတွေအတွက် လုံခြုံရေးလုပ်ပေးဖို့ ဖွဲ့တာဖြစ်လို့ စိတ်ပူစရာမရှိဘဲ တပ်မတော်က စေတနာအပြည့်နဲ့လုပ်ပေးတာ ပြည်သူ့စစ်ထဲ မဝင်ရင် မဝင်တဲ့သူရဲ့ အပြစ်ပဲလို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ပြောဆို စာရင်းကောက်ယူနေတာလို့ ဒေသခံတွေက ဆိုပါတယ်။
“စေတနာနဲ့လုပ်ပေးတာလို့ ပြောသေး။ ပြည်သူ့စစ်တွေကို ပစ်ခတ်သင်တန်းကို တပ်မတော်က ပေးမယ်လို့ပြောတာ။ နောက်ကျရင် မိသားစုအတွက် ထောက်ပံ့မှုလည်း ပေးဦးမှာတဲ့။ မိမိတို့ရပ်ရွာ အေးချမ်းသာယာရေးနဲ့ လုံခြုံရေးကို တပ်မတော်နဲ့ လက်တွဲလုပ်ပါလို့ ပြောပြီး စာရင်းကောက် စည်းရုံးနေတာ။ ကိုယ်တွေကတော့ အေးအေးချမ်းချမ်းပဲ နေချင်တာ။ အာဏာသိမ်းပြီးတည်းက တရက်မှ စိတ်မချမ်းသာရဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဧရာဝတီတိုင်းဟာ တခြားဒေသတွေနဲ့ယှဉ်ရင် တည်ငြိမ်အေးချမ်းတဲ့ ဒေသဖြစ်ပြီး အရပ်သား အမျိုးသားတွေကို ပြည်သူ့စစ်အဖြစ် အတင်းအကျပ် စာရင်းယူ လုပ်ခိုင်းတာဟာ စစ်တပ်က အင်အားနည်းလာလို့ ပြည်သူနဲ့ အကာအကွယ်ယူတာလို့ ဒေသခံတွေက ဆိုပါတယ်။
တခြားဒေသတွေနဲ့ ကျုံပျော်မြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဒလန် ၅ ယောက်၊ ပျူစောထီးဆိုသူ ၃ ယောက်၊ ရဲတပ်ဖွဲ့ဝင် ၁ ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး ကျောင်းဆရာ၊ ဆရာမတွေ အပါအဝင် ဒေသခံအရပ်သား ၁၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။