ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်မြို့၊ ဆီဖုမ်းနယ်မြေရှိ ဘုရားစေတီတဆူရှေ့မှာ ဒူးပေါ်ပေါင်ပေါ် လဲလျောင်း နေပူဆာလှုံခဲ့တဲ့ ကမ္ဘာလှည့်ခရီးသည် ပိုလန်နိုင်ငံသူ ၂ ဦးဟာ သူတို့အပြု အမူအတွက် ထိုင်းပြည်သူတွေကို ပြန်လည်ဝန်ချတောင်းပန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံခြားသူ ၂ ဦးက ဘုရားစေတီရှေ့ မြက်ခင်းပေါ်မှာ တိုနှံ့နှံ့ဝတ်စုံနဲ့ ဒူးပေါ်ပေါင်ပေါ်လဲလျောင်း နေပူဆာလှုံနေတဲ့ပုံတွေ ထိုင်းလူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ ခဲ့ပြီး ဗုဒ္ဓဘာသာဝင်တွေအကြား ဝေဖန်ရှုတ်ချမှုတွေ ရှိခဲ့ပါတယ်။
နိုင်ငံခြားသူတွေဟာ ထိုင်းနိုင်ငံနဲ့ ဗုဒ္ဓဘာသာ ဓလေ့ထုံးစံကို နားမလည်လို့ ခုလိုလုပ်ရတာ နားလည်ခွင့်လွှတ် ပေးဖို့လည်း တချို့က ပြောဆိုကြပါတယ်။
အဲဒီပုံကို Tok Tok ကား (သုံးဘီး) မောင်းသူတဦးက ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်က ဆီဖုမ်းနယ်မြေ ကျိန်းမန့်ဘုရား စေတီဝင်းထဲမှာ ရိုက်ယူခဲ့ပြီး လူမှုကွန်ရက်မှာဖြန့်ဝေခဲ့တာပါ။
ကျောင်းထိုင်ဆရာတော်နဲ့ ရပ်ကွက်နေပြည်သူတွေကတော့ ကားမောင်းသမားအနေနဲ့ အဆိုပါနိုင်ငံခြားသူ ၂ ဦးရဲ့ မသင့်လျော်တဲ့အပြုအမူကို သွားရောက်သတိပေးမဲ့အစား လူမှုကွန်ရက်ပေါ် တင်လိုက်တာဟာ ကျောင်းတိုက်သိက္ခာ ကျစေတယ်လို့ ပြစ်တင်ခဲ့ပါတယ်။
ကမ္ဘာလှည့်ခရီးသွားဆိုင်ရာရဲတပ်ဖွဲ့က ဒီကိစ္စကို လျစ်လျူမရှုဘဲ အဆိုပါနိုင်ငံခြားသူ ၂ ဦးကို လိုက်လံစုံစမ်းရာမှာ ချင်းမိုင်မြို့တွင်း ဟိုတယ်တခုမှာ လာရောက်တည်းခိုနေတာကို သိခဲ့ပါ တယ်။
သူတို့ဟာ အသက် ၁၉ နှစ် နဲ့ ၂၀ သာရှိသေးတဲ့ ပိုလန်နိုင်ငံသူဖြစ်ပြီး ချင်းမိုင်ကို နှစ်ခြိုက်သဘောကျလို့ လာလည်တာဖြစ်တယ်၊ ဘုရားစေတီရှေ့ လဲလျောင်းမိတာကတော့ ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံကို နားမလည်လို့ဖြစ်ရတာ၊ တမင်ရည်ရွယ်တာ မဟုတ်ရပါ။ ဒီအတွက် စိတ်မကောင်းဖြစ်ရတယ်၊ တောင်းပန်ပါတယ်၊ ဒီနိုင်ငံရဲ့ ဓလေ့ထုံးစံကို သဘောပေါက်အောင် ရှင်းပြပေးတဲ့ ထိုင်းရဲကိုလည်း ကျေးဇူးတင်ကြောင်း ဒီနေ့မနက်က ပြောကြားခဲ့ပါတယ်။
အဲဒီနောက် ကမ္ဘာလှည့်ခရီးသွားဆိုင်ရာ ထိုင်းရဲတပ်ဖွဲ့က ဘုရားစေတီဝင်းထဲ ဆောင်ရန် ရှောင်ရန် အချက်ပါ ဆိုင်းဘုတ်ပိုစတာတွေကို ကပ်ထားခဲ့ပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ ပတ်သက်လို့ အကူအညီလိုရင်၊ တိုင်တန်းလိုရင် အရေးပေါ်ဖုန်းလိုင်း ၁၁၅၅ ကို အချိန်မရွေးဆက်သွယ်နိုင်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
ဒီရက်ပိုင်းအတွင်းမှာပဲ ဘန်ကောက်မြို့တော် ဘုရင့်စံအိမ်နဲ့ မြဘုရားကျောင်းရှေ့ရှိ ပြည်သူ့ ရင်ပြင်မြက်ခင်းပေါ်မှာ နိုင်ငံခြားသူ ၂ ဦး မလုံမလဲဝတ်စုံတွေနဲ့ လဲလျောင်းနေပူဆာလှုံနေတဲ့ ပုံတွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။