ဂါဇာဒေသက ပါလက်စတိုင်းတွေနဲ့ အဖမ်းခံထားရတဲ့ အစ္စရေးဓားစာခံ ၄၅ ဦးအတွက်ပါ အရေးပေါ်လိုအပ်နေတဲ့ ဆေးဝါးနဲ့ အကူအညီတွေ ပေးပို့ရေးအတွက် ကာတာနဲ့ ပြင်သစ်က ကြားဝင်ပြီး အစ္စရေးနဲ့ ဟားမတ်စ်အကြား သဘောတူညီချက်ရအောင် ဇန်နဝါရီ ၁၆ ရက်က ညှိနှိုင်းပေးနိုင်ခဲ့ပါတယ်။
အကူအညီတွေဟာ ကာတာကနေ အီဂျစ်ကို ဇန်နဝါရီ ၁၇ ရက်နေ့ ရောက်ရှိမှာဖြစ်ပြီး အဲဒီကနေ ရာဖာနယ်စပ်ဂိတ်ကိုဖြတ်ကာ ဂါဇာကိုပို့မှာ ဖြစ်ပါတယ်။
အဖမ်းခံထားရတဲ့ အစ္စရေးဓားစာခံတွေအတွက် လိုအပ်တဲ့ဆေးဝါး ပို့ပေးမယ်ဆိုရင် ဒုက္ခရောက်နေတဲ့ ဂါဇာက အရပ်သားတွေအတွက် လူသားချင်းစာနာမှု အကူအညီလည်း ပေးရမယ်ဆိုတဲ့ အပေးအယူသဘောမျိုး ညှိပေးနိုင်တာဖြစ်တယ်လို့ ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာဂျက်အယ်လ်အန်ဆာရီက ပြောပါတယ်။
အကူအညီ ဘယ်လောက်များများရမယ်၊ ဘာအကူအညီတွေရမယ် ဆိုတာမျိုး အသေးစိတ်တော့ မပြောသွားပါဘူး။
အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ချက်မှာတော့ အစ္စရေးဘက်က တောင်းဆိုထားတဲ့ စာရင်းအတိုင်း ပြင်သစ်မှာဝယ်ထားတဲ့ ဆေးဝါးတွေကို သယ်လာတဲ့ ကာတာလေယာဉ်နှစ်စင်းဟာ ဗုဒ္ဓဟူးနေ့က အီဂျစ်နိုင်ငံမှာ ဆင်းသက်မယ်လို့ ဆိုပါတယ်။
ဒီကိစ္စကို ဆွေးနွေးနေတာ ရက်သတ္တပတ်နဲ့ချီ ကြာမြင့်ခဲ့ပြီး ဓားစာခံတွေရဲ့ မိသားစုတွေကနေ စတင်အကြံပြုခဲ့တဲ့ အိုင်ဒီယာဖြစ်တယ်လို့ ဆိုပါတယ်။
Source/Photo-Reuters