ထိုင်ဝမ်သမ္မတအဖြစ် ရွေးကောက်ခံရသူ လိုင်ချင်းတယ် (ခ) ဝီလျံလိုင်ကို ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက ဂုဏ်ပြုစကား ပြောကြားခဲ့ပေမဲ့ ဖိလစ်ပိုင်နိုင်ငံဟာ တရုတ်တနိုင်ငံတည်းမူဝါဒကို ဆက်လက် လက်ခံသွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၆ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။
၁၅ ရက်နေ့တုန်းက သမ္မတ မားကို့စ်ဂျူနီယာက လိုင်ကို ဂုဏ်ပြုစကား ပြောကြားခဲ့မှုဟာ တရုတ်ပြည်မကြီးအတွက် မျက်စိစပါးမွေးစူးစရာ ဖြစ်ခဲ့ရပါတယ်။
ဖိလစ်ပိုင်ဟာ တရုတ်ပြည်မကြီးနဲ့ တောင်တရုတ်ပင်လယ်ရေပိုင်နက် အငြင်းပွားမှုကြောင့် ဆက်ဆံရေးတင်းမာနေချိန်မှာ သမ္မတ မားကို့စ်ဂျူနီယာက အရင်က တွစ်တာလို့ခေါ်တဲ့ လူမှုကွန်ရက် X မှာ လိုင်ကို ဂုဏ်ပြုစကား ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဒီလိုဂုဏ်ပြုတာဟာ ထိုင်ဝမ်ကျွန်းမှာ လုပ်ကိုင်နေကြတဲ့ ဖိလစ်ပိုင်နိုင်ငံသား အလုပ်သမား နှစ်သိန်း အပါအဝင် ဖိလစ်ပိုင်-ထိုင်ဝမ် အပြန်အလှန် အကျိုးစီးပွားတွေကို အသိအမှတ်ပြုတာသာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက ဖြေရှင်းချက်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
ထိုင်ဝမ်သမ္မတသစ်ကို ဂုဏ်ပြုခဲ့တဲ့အထဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကိုကာမိကာဝါတို့ အပါအဝင် နိုင်ငံကြီး အများအပြား ပါဝင်ခဲ့ပါတယ်။
ဒါပေမဲ့ အများစုက တရုတ်တနိုင်ငံတည်းမူဝါဒကို ဆန့်ကျင်တဲ့သဘော မဖြစ်အောင် သတိထားခဲ့ကြပါတယ်။
Source/Photo-Reuters