Home
နိုင်ငံတကာ
ပင်လယ်နီတွင် ဖြတ်သွားသည့် ကုန်သင်္ဘောအချို့ တရုတ်ဟန်ဆောင် သွားလာနေ
DVB
·
January 16, 2024
RedSea_16012024

ပင်လယ်နီမှာ ဖြတ်သန်းသွားလာနေတဲ့ ကုန်သေတ္တာတင်သင်္ဘောနဲ့ ရေနံတင်သင်္ဘောတချို့ဟာ ယီမင်အခြေစိုက် ဟူသီသူပုန်တွေရန်က ကင်းဝေးအောင် လိုက်ပါလာတဲ့ ရေယာဉ် အမှုထမ်းတွေအားလုံး တရုတ်တွေဖြစ်ကြောင်း ထုတ်လွှင့်ပြီးသွားလာနေကြတယ်လို့ Bloomberg နဲ့ Business Insider သတင်းဌာနတွေက ရေးပါတယ်။

ဇန်နဝါရီ ၁၄ ရက်က ပင်လယ်နီကို ချဉ်းကပ်လာတဲ့ ဒါမှမဟုတ် ဖြတ်သန်းတဲ့ သင်္ဘော ၉ စီးထက် မနည်းဟာ အပြည်ပြည်ဆိုင်ရာ ရေကြောင်းသွားလာမှုမှာ အသုံးပြုတဲ့လမ်းကြောင်း ခြေရာခံစနစ် AIS မှာ “တရုတ်” ဒါမှမဟုတ် “အားလုံးတရုတ်” တွေချည်းပဲလို့ ထုတ်လွှင့်ကြေညာပြီး သွားလာခဲ့ကြတာကို တွေ့ရှိခဲ့ရပါတယ်။

ဥပမာအားဖြင့် လိုက်ဘေးရီးယားအလံ လွှင့်ထားပေမဲ့ တရုတ်ဆိပ်ကမ်းတွေမှာ မကြာခဏ ဆိုက်ကပ်လေ့ရှိတဲ့ Great Ocean အမည်ရတဲ့ ကုန်တင်သင်္ဘောကြီးမှာ “တရုတ်ဝန်ထမ်းတွေချည်းပဲ” လို့ အချက်ပြခဲ့ပါတယ်။

နောက်တစီးဖြစ်တဲ့ Dias ဆိုတဲ့ သင်္ဘောကလည်း ပင်လယ်နီနားနီးတာနဲ့ “တရုတ် (ချိုင်းနား)” ဆိုပြီး အချက်ပြခဲ့ပါတယ်။ သတင်းဌာနနှစ်ခုက လေ့လာခဲ့တဲ့ သင်္ဘော ၉ စီးမှာ တကယ်တမ်း တရုတ်နာမည်နဲ့က တစီးသာ ပါဝင်ပါတယ်။

လိုက်ပါလာတဲ့သူတွေဟာ တရုတ်သင်္ဘောသားတွေ တကယ်ဟုတ်မဟုတ် အတည်မပြုနိုင်ပေမဲ့ “တရုတ်” ဆိုတဲ့နာမည်ဟာ ပင်လယ်နီမှာ အလုပ်ဖြစ်နေတယ် ဆိုတာကိုတော့ အတည်ပြုနိုင်ခဲ့ကြပါတယ်။

ဟူသီသူပုန်တွေရန်က ရှောင်ဖို့ သင်္ဘောတွေက အမျိုးမျိုး ကြံဆကြေညာပြီး သွားလာနေကြပါတယ်။

တချို့တွေက “ကုန်းပတ်ပေါ်မှာ လက်နက်ကိုင်အစောင့်တပ်တွေပါတယ်” လို့ ကြေညာပြီး သွားကြတာရှိသလို “အစ္စရေးနဲ့မပတ်သက်ပါဘူး”၊ “အစ္စရေးတွေမပါဘူး” လို့ ကြေညာပြီး သွားလာတာလည်း ရှိတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၅ ရက်နေ့မှာ ဂျီဘရော်တာအီးဂဲလ် အမည်ရ မာရှယ်ကျွန်းစု အလံလွှင့်ထားတဲ့ အမေရိကန်ပိုင် ကုန်သေတ္တာသင်္ဘောကိုတော့ ဟူသီတွေက ပဲ့ထိန်းဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024