ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်မှာ ဇန်နဝါရီ ၁၅ ရက် ညပိုင်းက စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၅ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
စစ်တွေလေဆိပ်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၁၅ ရက် ည ၈ နာရီကျော်လောက်မှာ အေအေက ဒရုန်းနဲ့ Drop ဗုံးကြဲပြီး တိုက်ခိုက်ခဲ့တယ်လို့ အေအေနဲ့နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၅ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ် ဆေးဝါးကုသမှု ခံယူနေစဥ် ဒီနေ့ ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းမှာ ၅ ယောက်စလုံး သေဆုံးသွားပြီလို့ စုံစမ်းသိရှိရကြောင်း ဆိုပါတယ်။
အဲဒီနေရာမှာ စစ်ကောင်စီတပ်သား အင်အား ၄၀ ကျော်လောက်ရှိပြီး ကားဆီဖြည့်ဖို့ လာတဲ့အချိန် စက်သုံးဆီစတိုခန်းမှာ ကျရောက်ပြီး ပေါက်ကွဲခဲ့တာလို့ ပြောပါတယ်။
အဲဒီပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်တွေပင်လယ်ပြင်မှာလည်း ရေတပ်က ဝိုင်းထားသလို မြို့ပေါ်မှာလည်း လုံခြုံရေးတွေတိုးမြှင့်ပြီး စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။