ဧရာ၀တီတိုင်း၊ စစ်ကောင်စီလက်အောက်ခံ ဖျာပုံခရိုင်တရားရုံးက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ တနှစ်အတွင်း လူငယ် ၁၄ ယောက်အထိ သေဒဏ်အမိန့်တွေ ချမှတ်ခဲ့ရတယ်လို့ တရားရုံးအသိုက်အဝန်းက သိရပါတယ်။
စစ်တပ်နဲ့ ရဲတွေက PDF တွေလို့ စွပ်စွဲကာ ဖမ်းဆီးခဲ့တဲ့ လူငယ်တွေကို ရာဇသတ်ကြီး ၃၀၂-၁(ခ) နဲ့ သေဒဏ်အမိန့်ချခဲ့တာဖြစ်ပြီး သေဒဏ်အမိန့်ချခံရတဲ့ လူငယ် ၁၄ ယောက်ဟာ သူရဖြိုး၊ ကိုကိုအောင်၊ အေးမင်းသူ၊ ထွန်းထွန်းဦး၊ ကျော်ဆန်းဦး၊ ကိုစံလင်းစံ၊ ကိုဝဏ္ဏထွန်း၊ ကိုပြည့်စုံဖြိုး၊ ကိုဇော်ဝင်းထွန်း၊ ကိုမင်းသူအောင်၊ ကိုနိုင်ဝေလင်း၊ ဦးဝင်းဌေး၊ ကိုကျော်မိုး၊ ကိုဝေယံကျော်တို့ ဖြစ်တယ်လို့ သိရပါတယ်။
အဖမ်းခံရသူအရေး ကူညီပေးတဲ့ တရားလွှတ်တော်ရှေ့နေတယောက်က “စစ်တပ်နဲ့ ရဲတွေဘက်က PDF တွေလို့ စွပ်စွဲပြီး သေဒဏ်ချတာပါ။ ၁၄ ယောက်လုံး လူငယ်တွေ။ စစ်တပ်ကချခိုင်းတဲ့ အမိန့်အတိုင်း ခရိုင်တရားသူကြီးက သေဒဏ်ချသွားတာပါပဲ။ ဥပဒေနဲ့ အညီ ဘာတခုမှ ခုခံချေပခွင့် မရခဲ့ဘူး” လို့ ပြောပါတယ်။
အဲ့ဒီ သေဒဏ်ချမှတ်ခံရတဲ့ လူငယ် ၁၄ ယောက်ဟာ အသက် ၂၀ ကျော် ၁၃ ယောက်နဲ့ အသက် ၃၀ ကျော်အရွယ် ၁ ယောက်ဖြစ်ပြီး ဖမ်းဆီးထားစဉ် အချိန်ကလည်း စစ်တပ်က လူငယ်တွေကို ခြိမ်းခြောက်ရိုက်နှက်ပြီး PDF ဟုတ်ပါတယ်လို့ ထွက်ဆိုခိုင်းကြောင်း သိရပါတယ်။
ဖျာပုံမြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတယောက်က “သေချာတာကတော့ သေဒဏ်ချခံရတဲ့ ၁၄ ယောက်လုံး PDF တွေဆိုတာ မဖြစ်နိုင်ပါဘူး။ အဲ့ဒီအထဲမှာ CDM တွေနဲ့ တက်ကြွလှုပ်ရှားတွေတော့ ပါပါတယ်။ စစ်ကြောရေးမှာ မသေရုံတမယ် ရိုက်နှက်ပြီး PDF တွေလို့ ဝန်ခံခိုင်းလို့ PDF မဟုတ်တာကို ဟုတ်တယ်လို့ ဝန်ခံရတာ သိရတယ်။ စစ်ကောင်စီက လူငယ်တွေကို အငြိုးနဲ့ နှိပ်ကွပ်နေတာ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်း ပုသိမ်ထောင်က နိုင်ငံရေးအကျဉ်းသား ၆၃ ယောက်ကိုလည်း ဆန္ဒပြလို့ဆိုပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်နဲ့ စက်တင်ဘာလအတွင်းက ထောင် ၃ နှစ်ကနေ ၆ နှစ်စီ ထပ်တိုးအမိန့်တွေ ချမှတ်ခဲ့သေးတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်ဝါရီလကလည်း ဟင်္သာတမြို့၊ ဟင်္သာတ အကျဉ်းထောင်က ကျောင်းဆရာလေးတယောက်ကို စစ်ကောင်စီတရားရုံးက သေဒဏ်ချမှတ်ခဲ့ပြီး ပုသိမ်အကျဉ်းထောင်မှာ ကြိုးပေးကွပ်မျက်ခဲ့သေးတယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။