မြန်မာပြည်တွင်း အခြေခံလူတန်းစားတွေအဓိက ဝယ်ယူသုံးစွဲနေရတဲ့ စားအုန်းဆီ အခြေခံ လက္ကားရည်ညွှန်းဈေးနှုန်းက တစ်ပတ်အတွင်း ၆ ရာခိုင်နှုန်းဝန်းကျင် မြင့်တက်လာပါတယ်။
စားသုံးဆီတင်သွင်း သိုလှောင် ဖြန်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ စားအုန်းဆီ လက်ကားရည်ညွှန်းဈေး သတ်မှတ်ချက်က လက်ရှိမှာ တစ်ပိဿာကို ၅၂၅၀ ကျပ် အထိရှိလာပြီး အဲဒီဈေးနှုန်းက ပြီးခဲ့တဲ့ သီတင်းပတ်က သတ်မှတ်ဈေးနှုန်းထက် ကျပ် ၃၀၀ နီးပါး မြင့်တက်လာတာ တွေ့ရပါတယ်။
ကော်မတီရဲ့ စားအုန်းဆီလက်ကားရည်ညွှန်းဈေးက ဒီဇင်ဘာလ ဒုတိယပတ်က တစ်ပိဿာကို ၄၈၀၀ အထက်မှာ သာရှိခဲ့ပြီး လက်ရှိမှာတော့ ကျပ် ၅၀၀၀ အထက်ထိ မြင့်တက်လာတာဖြစ်လို့ တစ်လအတွင်းမှာ စားအုန်းဆီဈေးက တစ်ပိဿာကို ကျပ် ၄၀၀ကျော် မြင့်တက်လာတာဖြစ်ပါတယ်။
လက်လီဈေးကွက်မှာတော့ နေရာဒေသအကွာအဝေး ပေါ် လိုက် ပြီး ဈေးနူန်းက တစ်ပိဿာကို ၆၅၀၀ ကနေ ၈၀၀၀ ကျပ်အထိ ရောင်းချနေကြတယ်လို့ စားသုံးသူတွေထံက သိရပါတယ်။
စားသုံးဆီတင်သွင်းသိုလှောင် ဖြန်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကတော့ စားအုန်းဆီ ရောင်းချသူတွေကို ဆီ ပြန်လည်ရောင်းချတဲ့အခါမှာ အသားတင်အမြတ် ၂ ရာခိုင်နှုန်းထက် ပိုမတင်အောင် ကြပ်မတ်လုပ်ဆောင်နေပါတယ်။
ဒါ့အပြင် ကုန်စုံဆိုင်တွေကိုလည်း အဲဒီ သက်သာတဲ့ ဈေးနှုန်းနဲ့ စားသုံးသူ တစ်ဦးကို ၅၀ ကျပ်သားနှုန်း ဖြန့်ဝေရောင်းချဖို့ ဆီတွေကို သိုလှောင်မထားကြဖို့လည်း သတိပေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ နေထိုင်သူ စားသုံးသူ ပြည်သူတစ်ဦးက “သက်သာတဲ့ဈေးနဲ့ ရဖို့ကျ ကတ်ရမှ၊ ကတ်မရှိရင်ကျ အဲဈေးနဲ့ဝယ်မရဘူး။ ကတ်ကလည်း တပတ်တခါ လောက်ပဲရတာ။ တခါပေးရင် ၅၀သား၊ ကတ်မပါဘဲ အပြင်ဈေးနဲ့ ဈေးကြီးပေးဝယ်ပေါ့။ ရည်ညွှန်းဈေးတက်ရင်တော့ အပြင်ဈေးတက်ကတော့ လိုက်တက်မှာပဲ” လို့ ပြောပါတယ်။
ပြည်တွင်း စားအုန်းဆီ လက်လီ ဈေးနှုန်းက စစ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီလက တပိသာကို ကျပ် ၂၅၇၀ အထက်မှာပဲ ရှိခဲ့ပြီး လက်ရှိမှာတော့ ပြင်ပလက်လီဈေး တပိဿာကို ကျပ် ၆၅၀၀ ကနေ ၈၀၀၀ ဝန်းကျင်မှာ ရှိနေတာ ဖြစ်ပါတယ်။
လက်ရှိ စားသုံးဆီစျေးကွက်မှာတော့ စာအုန်းဆီနဲ့အတူ နေကြာဆီ၊ ဟင်းသီးဟင်းရွက်ဆီ၊ ပဲပိစပ်ဆီစျေးတွေလည်း ဈေးနှုန်းမြင့်တက်နေပြီး ပြည်တွင်းထုတ်ကုန်ဖြစ်တဲ့ နှမ်းဆီ၊ မြေပဲဆီ စျေးနှုန်းတွေကလည်း စံချိန်တင် အမြင့်ဈေးမှာ ရောက်ရှိနေပါတယ်။