မြန်မာနိုင်ငံအနေနဲ့ ထိုင်ဝမ်ဒေသ လွတ်လပ်ရေးအတွက် ခွဲထွက်ရေးဆောင်ရွက်ချက်တွေနဲ့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့ ရည်ရွယ်တဲ့ ဆောင်ရွက်ချက်တွေကို ဆန့်ကျင်ကြောင်း စစ်ကောင်စီက ကြေညာပါတယ်။
ထိုင်ဝမ်မှာ တရုတ်ပြည်မကြီးက မလိုလားတဲ့ အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) ရဲ့ သမ္မတလောင်း လိုင်ချင်းတယ် (ခ) ဝီလျံလိုင် ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ထိုင်ဝမ် (တရုတ်-တိုင်ပေ) ဒေသ ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ဇန်ဝါဝါရီ ၁၅ ရက်မှာ သဘောထားအမြင် ထုတ်ပြန်လိုက်တာပါ။
မြန်မာနိုင်ငံဟာ တရုတ်တနိုင်ငံတည်းမူဝါဒ (One China Policy)ကို အစဉ်တစိုက် ထောက်ခံပြီး ဒီမူဝါဒအရ ထိုင်ဝမ်ဟာ တရုတ် ပြည်သူ့သမ္မတနိုင်ငံရဲ့ ခွဲထွက်မရတဲ့ အစိတ်အပိုင်း တခုအဖြစ် မှတ်ယူထားတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ထိုင်ဝမ်တို့ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို အားပေး ထောက်ခံကြောင်း၊ တရုတ်နိုင်ငံနဲ့ အိမ်နီးချင်းကောင်း ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကိုဆက်လက် ထိန်းသိမ်းလျက် တရုတ်တနိုင်ငံတည်းမူဝါဒကို တစ်စိုက်မတ်မတ် ထောက်ခံကြောင်း ထပ်လောင်း အတည်ပြုတယ်လို့လည်း စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဌာနကလည်း တရုတ် တနိုင်ငံတည်းမူဝါဒကို ဆက်လက်လက်ခံကျင့်သုံးမယ့်အကြောင်းအပါအဝင် စုစုပေါင်း အချက် ၁၀ ချက်ပါဝင်တဲ့ တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ နိုင်ငံခြားရေးမူဝါဒတရပ်ကို ဇန်နဝါရီ ၁ ရက်က ထုတ်ပြန်ထားပါတယ်။
Photo-Reuters