အစ္စရေးက ဂါဇာကို ဗုံးကြဲတာမရပ်ရင် အစ္စရေးဓားစာခံသုံးဦး အသတ်ခံရနိုင်တယ်လို့ ဟားမတ်စ်က သတိပေးပြီး နောက်တရက်အကြာ ဇန်နဝါရီ ၁၅ ရက်နေ့မှာ အဲဒီသုံးဦးထဲက နှစ်ဦးရဲ့ အလောင်းကို ဟားမတ်စ်အဖွဲ့က ထုတ်ပြခဲ့ပါတယ်။
၁၄ ရက်နေ့ဗီဒီယိုမှာ ပါခဲ့တဲ့ သုံးယောက်ထဲက အသက် ၅၃ နှစ်အရွယ် ယိုဆီရှာရာဘီနဲ့ အသက် ၃၈ နှစ်အရွယ် အီတာအီဆာဗားစကီးတို့ရဲ့ အလောင်းတွေကို ထုတ်ပြခဲ့တာ ဖြစ်ပါတယ်။
တတိယတယောက်ဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ နိုအာအာဂါမာနီကိုတော့ ၁၅ ရက်နေ့ ဗီဒီယိုအသစ်မှာ အသက်ရှင်လျက်တွေ့ရပြီး သေတဲ့နှစ်ယောက်ဟာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် သေရတာပါလို့ ရေးထားတဲ့ စာကို ဖတ်ပြနေပုံ ပါရှိပါတယ်။
အစ္စရေးစစ်ဘက် ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဗီဒီယိုထဲက ဓားစာခံတွေရဲ့ ကံကြမ္မာနဲ့ ပတ်သက်လို့ အထူးစိုးရိမ်မိပြီး အဲဒီထဲက တယောက်ဖြစ်တဲ့ အီတာအီဆာဗားစကီးဟာ အစ္စရေးတိုက်ခိုက်မှုကြောင့် သေဆုံးတာမဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ရေတပ်ဗိုလ်ချုပ် ဒန်နီယယ် ဟက်ဂါရီက“အီတာအီဟာ ကျနော်တို့တပ်တွေ ပစ်ခတ်မှုကြောင့် သေတာမဟုတ်ပါဘူး။ ဟားမတ်စ်အဖွဲ့က လိမ်နေတာပါ။ သူတို့ကိုဖမ်းထားတဲ့ အဆောက်အအုံက ပစ်မှတ်ထဲမှာ မပါသလို ကျနော်တို့ မတိုက်ခိုက်ခဲ့ပါဘူး။ ဓားစာခံတွေ ရှိနိုင်တယ်ထင်တဲ့နေရာကို ကျနော်တို့ မတိုက်ပါဘူး” လို့ ပြောပါတယ်။
သေဆုံးတယ်ဆိုတဲ့ နောက်တဦးနဲ့ ပတ်သက်လို့တော့ မိသားစုတောင်းဆိုချက်အရ အမည်နဲ့ အသေးစိတ်အချက်အလက်တွေ ထုတ်ပြန်မှာမဟုတ်ဘူးလို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တပ်ဖွဲ့တွေ အစ္စရေးတောင်ပိုင်းကို ဝင်ပစ်စဉ် ဓားစာခံအဖြစ် လူ ၂၄၀ လောက် ဖမ်းခေါ်သွားတဲ့အထဲမှာ ထက်ဝက်လောက်ကိုတော့ နိုဝင်ဘာလအတွင်း ယာယီအပစ်ရပ်စဉ်က ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ၁၃၂ ဦး ကျန်နေဆဲဖြစ်ပြီး အဲဒီအထဲက ၂၅ ဦးဟာ ဖမ်းဆီးခံထားရစဉ် သေဆုံးသွားပြီလို့ ယူဆရကြောင်း အစ္စရေးက ထုတ်ပြန်ပါတယ်။
Source/Photo-Reuters