ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ နယ်မြေ ၂၃ ရှိ နေအိမ်တခုမှာ ဇန်နဝါရီ ၁၅ ရက် မနေ့ ည ၈ နာရီလောက်က အားသွင်းထားတဲ့ ဖုန်းတလုံး အပူလွန်ပေါက်ကွဲခဲ့ပြီး လူ ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြစ်ကြီးနား မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းက ပြောပါတယ်။
မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတဦးက “ည ၈ နာရီလောက်မှာ သတင်း ဝင်လာတာပါ။ နယ်မြေ ၂၃ မှာ လူတယောက် ဖုန်းအားသွင်းရင်းနဲ့ ပေါက်ကွဲမှုဖြစ်တယ်ပေါ့။ တယောက်ကတော့ တနေရာမှ မကျန်အောင် ဒဏ်ရာရထားတယ်။ သူ့သမီးနှစ်ယောက်ကတော့ မျက်နှာနဲ့ လက်တွေမှာ ဒဏ်ရာရထားပါတယ်။ အရင်က ဒီလို ဖုန်းပေါက်ကွဲပြီး ဒဏ်ရာရတဲ့ဟာမျိုးတော့ မဖြစ်ဖူးဘူး။ ဖုန်းက ဘာဖုန်းအမျိုးအစားလည်းတော့ မသိရပါဘူး”လို့ ဆိုပါတယ်။
ဖုန်းပေါက်ကွဲခဲ့တာကြောင့် အသက် ၄၂ နှစ်အရွယ် ဦးမင်းဦးရဲ့ ခေါင်း မျက်နှာ ရင်ဘတ် လက်နဲ့ ခြေထောက်တွေမှာ မီးလောင်မှုပြင်းထန်ဒဏ်ရာ၊ သမီးတော်စပ်သူ အသက် ၂၀ ကျော်အရွယ် အမျိုးသမီး ၂ ဦးရဲ့ လက်နဲ့ မျက်နှာမှာ အရေပြားအပူလောင်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ဒဏ်ရာရရှိသူတွေကို မျိုးဆက်သစ်ကယ်ဆယ်ရေးအသင်းယာဉ်နဲ့ မလိဇွပ်ဆေးရုံကို အရင်ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာပြင်းထန်သူကို မြစ်ကြီးနားဆေးရုံကြီး ထပ်မံ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
မြစ်ကြီးနား၊ စီတာပူရပ်ကွက်မှာ ဇန်နဝါရီလ ၁၅ ရက် နံနက်အစောပိုင်းက လျှပ်စစ်ဝါယာရှော့ဖြစ်ခဲ့လို့ ကုန်စုံဆိုင် ၄ ခန်းတွဲနဲ့ ၂ ထပ်အိမ်တလုံး မီးလောင်ခဲ့ပါတယ်။
ဓာတ်ပုံ- မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်း ( မြစ်ကြီးနား)