မွန်ပြည်နယ် ကျိုက်မရော (ဗဟို) အကျဉ်းထောင်ထဲမှာ မီးသတ်ဌာနရဲ့ CDM တဦးဖြစ်သူ အသက် ၃၁ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုပြည့်ဖြိုးအောင် ဇန်နဝါရီ ၁၅ ရက်မှာ သေဆုံးခဲ့ပါတယ်။
သေဆုံးရတဲ့ အကြောင်းအရင်းကို သေချာမသိသလို ရင်ဘတ်အောင့်တဲ့အတွက် ထောင်ဆေးရုံကို ခေါ်ဆောင်သွားပြီး ညမှာပဲ သေဆုံးသွားတာဖြစ်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
အကျဉ်းထောင်နဲ့ နီးစပ်သူတယောက်က “သေဆုံးတဲ့အကြောင်းရင်းကို အသေးစိတ် မသိရသေးဘူး။ ရင်ဘတ်အောင့်လာလို့ ထောင်ဆေးရုံကို ညတွင်းချင်းခေါ်သွားတာ၊ မနက်ကျတော့ ဆုံးသွားတယ်ကြားတယ်၊ ဆုံးတာတော့ ညကတည်းကတဲ့။ သူက ရိုက်နှက်ခံရတာမျိုးလည်း မရှိဘူး။ ထောင်ထဲရောက်ပြီး နေမကောင်းဖြစ်တာမျိုးလည်း တခါမှမတွေ့ဘူး။ ထောင်ဆေးခန်း သွားရတယ်လို့တောင် တခါမှမကြားဘူး” လို့ ပြောပါတယ်။
ည ၁၀ နာရီလောက်မှာ ထောင်ဆေးရုံကိုခေါ်သွားပြီး တာဝန်ကျ ဆရာဝန်က စစ်ဆေးပြီး ဆေးတလုံး ထိုးပေးခဲ့ကြောင်းနဲ့ ပြင်ပဆေးရုံကို ပို့ဆောင်ပြီး သိပ်မကြာခင်မှာပဲ သေဆုံးသွားတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်ကနေ သိရပါတယ်။
ကွန်ရက်ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “ထောင်ဆေးရုံအုပ် အရေးပေါ်လာရောက်ပြီး အသက်ကယ်ဆေး နှစ်လုံး ထိုးပေးခဲ့ပြီး အရေးပေါ် အောက်စီဂျင်တပ်ပေးတယ်။ ဇန်နဝါရီလ ၁၆ ရက်နေ့ မနက် ၁ နာရီလောက်မှာ ပြင်ပဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရတယ်။ ဒါပေမဲ့ ဆေးရုံရောက်ချိန်မှာပဲ နိုင်ငံရေးအကျဉ်းသား ကိုပြည့်ဖြိုးအောင် အသက်ဆုံးသွားတာဖြစ်တယ်” လို့ ပြောပါတယ်။
ဆေးဝါးကုသခွင့်နဲ့ ပတ်သက်လို့ အကျဉ်းထောင်များအတွင်း အကျဉ်းသားများကို လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်ကုသမှုပေးရန်၊ ထောင်ဝင်စာပါဆယ်မှာ နိုင်ငံခြားဆေးဝါးများ သွင်းခွင့်ပြုရန်နဲ့ အရေးကြီးလူနာတွေကို အချိန်နဲ့တပြေးညီ ပြင်ပဆေးရုံသို့ ပို့ဆောင်ကုသပေးရန် စတဲ့ အချက်သုံးချက်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုထံ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၁၂ ရက်နေ့ကလည်း နှစ်ကြီးနိုင်ငံရေးအကျဉ်းသားတဦး လုံလောက်တဲ့ ဆေးဝါးကုသမှု မရရှိတဲ့အတွက် သေဆုံးခဲ့ပါသေးတယ်။
ကိုပြည့်ဖြိုးအောင်ဟာ ရန်ကုန် အင်းစိန်ဇာတိဖြစ်ပြီး မီးသတ် CDM ဝန်ထမ်းတဦးလည်း ဖြစ်ပါတယ်။
၂၀၂၂ ဇန်နဝါရီ ၃ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်တံတားထိပ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံခဲ့ရပြီး ပုဒ်မ၅၂(က) နဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှာ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရပြီး ဘားအံထောင် (တောင်ကလေးထောင်) မှာ ချုပ်နှောင်ခံထားရတာလည်း ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် မေလ ၅ ရက်မှာတော့ မွန်ပြည်နယ် ကျိုက်မရောထောင်ကို ထောင်ပြောင်းရွှေ့နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတဝန်း အကျဉ်းထောင်တွေထဲမှာ ဥပဒေမဲ့ သတ်ဖြတ်ခံရသူ နိုင်ငံရေးအကျဉ်းသား ၁၈ ယောက်၊ ဆေးဝါးစောင့်ရှောက်မှု မလုံလောက်တဲ့အတွက် သေဆုံးခဲ့သူ ၁၇ ယောက်၊ ဥပဒေမဲ့ ညှဥ်းပန်းနှိပ်စက်ခံရသူ ၇၁၄ ယောက်၊ အကျဉ်းထောင်တွင်း ညှဥ်းပန်းနှိပ်စက်ပြီး တိုက်ပိတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၃၈ ယောက်နဲ့ အကျဉ်းထောင်တွင်း ကလေးနဲ့အတူရှိနေတဲ့ နိုင်ငံရေးအကျဉ်းသူ ၁၅ ဦးအထိ ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ စာရင်းတွေအရ သိရပါတယ်။