ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က ဘာသာရေးအမည်ခံ ဘုရားပွဲတွေမှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းတွေကို အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက လုံခြုံရေး ယူပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ကြီးနားမြို့နယ်မှာ လောင်းကစားရုံတွေ ဖွင့်လှစ်လာပြီးနောက် ပြီးခဲ့တဲ့ သီတင်းကျွတ် ဘုရားပွဲတွေမှာ စတင်ကာ လောင်းကစားဝိုင်းတွေကို ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်လာခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်တွေက လုံခြုံရေး ရယူပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံအမျိုးသားတဦးက “ဘုရားပွဲတွေမှာလုပ်တဲ့ ဇာတ်ပွဲဆိုရင် လောင်းကစားဝိုင်းတွေ ပါတယ်။ ဇာတ်ပွဲက အဖြစ်ပဲထည့်တာ။ အဓိကက အာဏာပိုင်အဖွဲ့အစည်းနဲ့ ဘုရားဂေါပကအဖွဲ့နဲ့ ပေါင်းပြီး လောင်းကစားဝိုင်းထည့်တာ။ အဲ့ဒီကစားဝိုင်းတွေကို မီးသတ်တပ်ဖွဲ့က လုံခြုံရေး ယူပေးရတယ်။ လောင်းကစားဝိုင်းတွေနားမှာ တခြားအဖွဲ့အစည်းတွေတော့ မတွေ့ရဘူး” လို့ ပြောပါတယ်။
ဘာသာရေးအမည်ခံ ဘုရားပွဲ ၁၂ ရာသီပွဲတွေမှာ ဇာတ်ပွဲတွေ ထည့်သွင်းကပြပြီး လေးကောင်ဂျင်၊ ဂလုံးဂလုံး၊ စက်ပန်း၊ ငါးမန်းဂိမ်း၊ မြားပစ်၊ လေးကောင်ဂျင် လောင်းကစားဝိုင်းတွေမှာ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက လုံခြုံရေး ယူပေးနေတာပါ။
လောင်းကစားဝိုင်းမှာ လုပ်ကိုင်နေသူ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတဦးက “ကစားဝိုင်းတွေကို မီးသတ်အဖွဲ့က ညတိုင်း လုံခြုံရေးကြေးဆိုပြီး တည ၅,၀၀၀ ကောက်တယ်။ မီးသတ်တပ်ဖွဲ့ အင်အားက အယောက် ၂၀ လောက်တော့ရှိတယ်။ တခြား ဘာကြေး ညာကြေး ဆိုပြီး ပွဲစီစဉ်သူတွေကလည်း ငါးထောင် သုံးထောင် ကောက်ကြတယ်။ ကစားဝိုင်းတွေကလည်း ဘယ်သူလာကောက်ကောက် ပေးလိုက်တာပဲ။ အလုပ်ဖြစ်ဖို့ အဓိကလေ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက် ညက မြစ်ကြီးနားမြို့နယ် ရမ်ပူရပ်ကွက် ပြည့်ဝချမ်းသာ ဘုန်းတော်ကြီးကျောင်း ဘုရားပွဲ လောင်းကစားဝိုင်းမှာ လုံခြုံရေးယူပေးနေတဲ့ မီးသတ်တပ်ဖွဲ့ဝင်တဦးကို အမည်မသိအဖွဲ့က ရိုက်နှက်သွားလို့ သတိလစ် မေ့မြောခဲ့ပါတယ်။