ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး အုပ်စုဖွဲ့လုယက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့တယ်လို့ စက်ရုံလုပ်သားတွေထံက သိရပါတယ်။
လှိုင်သာယာမြို့နယ်အတွင်းရှိ စက်မှုဇုန်တွေက ညဘက်စက်ရုံအလုပ်သမားတွေ အိမ်ပြန်တဲ့အချိန်မှာ မှောင်ရိပ်ခို လုယက်မှုတွေကို မကြာခဏဆိုသလို ကြုံတွေ့နေရကြောင်း စက်ရုံအလုပ်သမတဦးက ပြောပါတယ်။
“ညဘက် စက်ရုံက ပြန်လာတဲ့အချိန် ဖယ်ရီကားပေါ်ကဆင်းပြီး ရပ်ကွက်ထဲအဝင်မှာ ဖုန်းလာလို့ ထုတ်ပြောနေတာကို လူလေးငါးယောက်လောက် ဝင်တိုက်မိသလိုနဲ့ ပိုက်ဆံအိတ်ရော၊ ဖုန်းရော အလုခံခဲ့ရတာ။ သူတို့က အများနဲ့ဆိုတော့ အော်လည်း မအော်ရဲဘူး။ လစာထုတ်ရက်ဆိုတော့ ပါသွားတဲ့သူတွေ တော်တော်များတယ်။”
အဲ့ဒီလုယက်သူတွေမှာ အုပ်စုလိုက် လှုပ်ရှားနေကြကြောင်းနဲ့ လုယက်ခံရပြီး သက်ဆိုင်ရာကို သွားရောက်တိုင်တန်းပါကလည်း ထိရောက်စွာ မဖြေရှင်းပေးဘူးလို့ အလုခံရသူတွေဆီက သိရပါတယ်။
ရပ်ကွက်အဆောင်နေပြီး စက်ရုံဆင်းနေသူတဦးက “ရပ်ကွက်ထဲက ရာအိမ်မှူးကို သွားပြောပြတော့လည်း သူက ရုံးကိုသွားပါတဲ့။ ရပ်ကွက်ရုံးကလည်း ရဲစခန်းမှာ အမှုဖွင့်လိုက် ဆိုပြီး ပြောတယ်။ ရဲစခန်းသွားပြန်တော့လည်း တိုင်တာကို လက်ခံချင်သလိုလို မခံချင်သလိုလို စိတ်မပါတဲ့ပုံစံတွေနဲ့။ အဲဒီလို အလုခံရတော့ အဆောင်လခပေးရဖို့နဲ့ တခြားသုံးဖို့စွဲဖို့ တော်တော်လေး ခက်ခဲသွားတယ်” လို့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်း ဒုစရိုက်မှုတွေ များပြားလာပြီး ဒေသခံပြည်သူတွေမှာ လုံခြုံမှုမရှိဘူးလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ရန်ကုန်တိုင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာနဲ့ မရမ်းကုန်းမြို့နယ်တွေအပြင် တခြားမြို့နယ်တွေမှာပါ အုပ်စုဖွဲ့ လုယက်တာ၊ ဓားပြတိုက်တာတွေ ရှိနေပါတယ်။