ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး - မူဆယ် အဝေးပြေးလမ်းမပေါ်ရှိ နမ့်ဖတ်ကာ စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီ ၁၄ ရက် ည ၁၀ နာရီ မိနစ် ၂၀ လောက်က ကေအိုင်အေက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကေအိုင်အေသတင်းရင်းမြစ်ကနေ သိရတယ်။
ကေအိုင်အေရှေ့တန်း နဲ့ နီးစပ်သူ တဦးက "ဒီမနက်တော့ အပြီးအစီး သိမ်းလိုက်နိုင်တာ။ အဲဒီ ဘက် ဖုန်းလိုင်းဖြတ်ထားတယ်။ ဒါပေမဲ့ တာဝန်ထမ်းဆောင်နေတဲ့ သူငယ်ချင်းတွေက သိမ်းနိုင်ပြီလို့ ပြောလာတယ်" လို့ ပြောပါတယ်။
ဇန်နဝါရီ ၁၄ ရက် ည ၁၀ နာရီကျော်ကစတင် သိမ်းတာဖြစ်ပြီး ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်းမှာ တပ် ရှင်းလင်းရေး လုပ်နေတယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီဘက်က Y 12 လေယာဉ်နဲ့ ဇန်နဝါရီ ၁၄ ရက်ည ၁၀ နာရီကျော် လောက်ကတည်းက တက်လာပြီး အပြင်းအထန်ပစ်ကူနေခဲ့တာလို့ သူက ရှင်းပြပါတယ်။
"နမ့်ဖတ်ကာ စစ်ကောင်စီတပ်ကို သိမ်းလိုက်တာ မှန်တယ်။ မနေ့ည ဇန်နဝါရီ ၁၄ ရက်နေ့ည ၁၀ နာရီ မိနစ် ၂၀ ခန့်က စတင် သိမ်းယူနေတာ။ ရွာက ဒေသခံ တချို့တော့ ပြန်လာနေကြပြီ။"
စစ်ကောင်စီဘက်က ရိက္ခာ ပြတ်သွားပုံရပြီး မခံနိုင်တော့တာကြောင့် ည ၉ နာရီခန့်ကစ စတင် ဆုတ်ခွာပြီး နမ့်ဖတ်ကာ သိမ်းနိုင်ပြီလို့ သိရပေမဲ့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ပြတ်တောက် နေတာကြောင့် ပုံတွေကတော့ မရနိုင်ဘူးလို့ ဒေသခံ တဦးက ပြောပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်ကလည်း နမ့်ဖတ်ကာ စစ်ကောင်စီ ၁၂၃ တပ်ရဲ့ စခန်းငယ် တချို့ကို ကေအိုင်အေက သိမ်းပိုက်ခဲ့တာဖြစ်ပြီး ဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။