ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်တွေမှာ ဇန်နဝါရီ ၁၅ ရက် ညပိုင်းက ပစ်ခတ် ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ခေမာသီရိရပ်ကွက် အမှတ် ၂ ရဲစခန်းနဲ့ ခရိုင်ရဲမှူးရုံး ရမ်ပူရပ်ကွက် ဒူးလေးပါတီရုံးနားမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီး ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ခေမာသီရိရပ်ကွက်နေထိုင်သူ အမျိုးသား တဦးက "သေနတ်သံတွေကြားရတာ ည ၇ နာရီ လောက်မှာ။ ဗုံးပေါက်ကွဲသံတွေကလည်း ဆက်တိုက်ကို ကြားရတာ။ ပထမဆုံးပေါက်တာက အမှတ် ၂ ရဲစခန်းနားမှာ။ ပြီးတော့ ခရိုင်ရဲမှူးရုံးနား ပေါက်တယ်။ ရဲ စခန်း ၂ ခု စလုံးက အထဲကနေပြန် ပစ်တယ်။ ဒူးလေးပါတီရုံးနားမှာလည်း ပေါက်တယ်။ လူထိခိုက်သေဆုံးတာတော့ မသိရဘူး "လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ခေမာသီရိ ရပ်ကွက် အမှတ် ၂ ရဲစခန်းနဲ့ ခရိုင်ရဲမှူးရုံး အရှေ့မှာ ည ၆ နာရီကနေ မနက် ၆ နာရီအထိ ဖြတ်သန်းသွား လာခွင့် ပိတ်ပင်ထားပြီး ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီးနောက် အမှတ် ၂ ရဲစခန်းဝန်းအတွင်းသို့ လူနာတင်ယာဉ် ၂ စီး ဝင်ရောက်တာ တွေ့ခဲ့ ရတယ်လို့လည်း ဒေသခံက ဆက်ပြောပါတယ်။
၂၀၂၃ ခုနှစ် သြဂုတ် ၁၃ ရက်ကလည်း မြစ်ကြီးနားမြို့ ပလနနယ်မြေ အမှတ် ၃ ရဲစခန်း ပစ်ခတ်တိုက်ခိုက် ခံခဲ့ရတဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။