ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေးမှာ လမ်းချဲ့မယ်ဆိုပြီး စစ်တပ်နဲ့ စည်ပင်ဝန်ထမ်းတွေက ကြိုတင်အကြောင်းမကြားဘဲ ဇန်နဝါရီ ၁၃ ရက်ကစတင်ကာ အပြင်တန်း ဈေးဆိုင်တွေကို ဖယ်ရှားခိုင်းနေတယ်လို့ ဈေးသည်တွေက ပြောပါတယ်။
မီးခွက်ဈေးလမ်းကို တဖက် ကား ၂ စီးသွားနိုင်မယ့် ၄ လမ်းသွား လမ်းလုပ်ဖို့ဆိုပြီး အပြင်တန်းမှာ ဈေးရောင်းချနေတဲ့ ဈေးသည်တွေကို စစ်သားတွေနဲ့ စည်ပင်တွေက လိုက်ပြီး ဖမ်းဆီးနေတယ်လို့ မီးခွက်ဈေးမှာ ဈေးရောင်းချနေတဲ့ အပြင်တန်းဈေးသည်တဦးက ပြောပါတယ်။
“၄ လမ်းသွားလုပ်မယ်ပြောတယ်။ လောလောဆယ်တော့ အပြင်တန်းဈေးသည်တွေက ဒုက္ခရောက်နေပြီ။ တနေ့လုပ် တနေ့စားနေရတာ၊ စစ်သားတွေနဲ့ စည်ပင်က ခဏခဏ လာတယ်။ မလာတဲ့နေ့တောင် ၃ ခေါက်လောက်တော့ အနည်းဆုံးလာနေတာ။ အရင်ကတော့ ခုံနဲ့ သေချာရောင်းလို့ရသေးတယ်။ ခုတော့ လင်ပန်းနဲ့ ရောင်းရတယ်။ ပြေးရလွှားရ လွယ်အောင်လို့လေ။”
အပြင်တန်းမှာ ဈေးရောင်းနေတဲ့ ဈေးသည်အများစုက လက်လုပ်လက်စားသမားတွေ ဖြစ်ကြပြီး ဖမ်းဆီးခံရသူတွေက ပစ္စည်းတွေပြန်မရလို့ ဒုက္ခတွေရောက်နေကြတယ်လို့ ပစ္စည်းအသိမ်းခံရတဲ့ ဈေးသည်တဦးက ပြောပါတယ်။
“စနေနေ့က အရပ်ဝတ်တွေနဲ့လာပြီး လာဖမ်းတာ၊ အဝတ်အစားတွေ၊ အသီးအနှံတွေ အကုန်ကားပေါ်တင်ပြီး ယူသွားတယ်။ ကျနော်တို့က မရှိ ရှိတာလေးတွေကို စုပြီး ရောင်းချနေရတာ။ အဲဒီနေ့ကဆို ရောင်းစရာ တခုမှမရှိဘူး။ အကုန်သိမ်းသွားတာ။ ဈေးက မရောင်းကောင်းပါဘူးဆို ပစ္စည်းတွေပါ အသိမ်းခံနေရတော့ အကုန်ဒုက္ခရောက်ကြတယ်။”
လှိုင်သာယာ မီးခွက်ဈေးမှာ အရင်ကလည်း ရေမြောင်းဖော်မယ်ဆိုပြီး မြေတူးကားခဆိုကာ စစ်တပ်နဲ့ စည်ပင်ဝန်ထမ်းတွေက မီးခွက်ဈေးလမ်းဘေး ဈေးဆိုင်တွေကို ၁၀ ပေကို ကျပ် ၁၅၀၀၀ တောင်းခံခဲ့ပါတယ်။