ပဲခူးတိုင်း ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာအုပ်စု၊ တောင်ခမောက်ရွာနဲ့ မအူကွင်းကျေးရွာတို့ ကို ပြည်သူ့စစ်ဖွဲ့ဖို့ လူစုဆောင်းနေတဲ့ စစ်ကောင်စီက နာမည်စာရင်းလာမပေးတဲ့အတွက် မီးရှို့ ဖျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၁၄ ရက် မနက်ပိုင်းက ပေါင်းတည်မြို့ မအူကွင်းကျေးရွာထဲကို ဝင်ရောက်လာတဲ့ စစ်ကောင်စီအင်အား ၅၀ ကျော်ပါ အဖွဲ့ဟာ ကျေးရွာနေအိမ်တွေကို မနက် ၁၀ နာရီခွဲမှာ တကြိမ် နဲ့ မွန်းလွဲ ၂နာရီ တကြိမ် မီးရှို့သွားခဲ့တာဖြစ်ပါတယ်။
ဒေသခံတဦးက “မအူကွင်းရွာက အိမ် ၃၃ လုံး မီးလောင်တယ်။ ရွာတဝက်နီးပါးလောက် ပြာကျတယ်။ ညနေကျတော့ တောင်ခမောက်ရွာဘက် သွား ရှို့ပြန်တယ် အိမ် ၇၀ ကျော် ပါတယ် ကြားတယ်၊၊ လူတွေက စစ်ရှောင်နေကြတာမို့ ထိခိုက်မှုတော့ မရှိဘူး။ ဒါပေမဲ့ ပြန်ရင်တောင် အိမ် မရှိတော့တဲ့ အဖြစ်ကို တွေးပြီး ဝမ်းနည်းနေရတယ်" လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ပြည်သူ့စစ်တပ်သား စုဆောင်းမရတာကြောင့် ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “စစ်တပ်က နေ့လယ်ဘက် မီးဝင်ရှို့တာ၊ မအူကွင်းတရွာလုံး ပြာကျသွားပြီး ညပိုင်းမှာ တောင်ခမောက်ရွာကို မီးဝင်ရှို့တယ်။ နတ်ရေတွင်းရွာသားတွေလည်း လွတ်ရာရှောင်ရတယ်။ စစ်တပ်ကဖွဲ့တဲ့ ပြည်သူ့စစ်၊ ပျူစောထီးဖွဲ့တာ မပါလို့ စစ်တပ်က ရမ်းကားတာ” လို့ ပြောပါတယ်။
စစ်ကောင်စီမီးရှို့မှုကြောင့် ကျေးရွာ ၂ ရွာရှိ အိမ်ခြေ ၁၀၀ ကျော်အပြင် စပါးကျီ တလုံးနဲ့ ပညာရေးဝန်ထမ်းအဆောင် တလုံး မီးလောင်ဆုံးရှုံးသွားရတယ်လို့ သိရပါတယ်။
တောင်ခမောက်ရွာနေ ဒေသခံတဦးက "ကျမတို့ရွာကို ညနေ ၄ နာရီလောက်က လာရှို့သွားတာ ၁၂ လ ပိုင်းတုန်းကလည်း တခါ၊ ဒါနဲ့ပါဆို နှစ်ခါ ရှိပြီ အရှို့ခံရတာ”လို့ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းကနေစပြီး ပဲခူးတိုင်းထဲက ကျေးရွာတွေမှာ တရွာကို လူအယောက် ၃၀ ပြည်သူ့စစ်ထဲ ဝင်ရမယ်ဆိုပြီး စစ်ကောင်စီတပ်က အတင်းအဓမ္မ လူစုဆောင်းနေတာကြောင့် ဒေသခံ လူငယ်တချို့ နေရပ်စွန့်ခွာ လွတ်ရာတိမ်းရှောင်နေကြရပါတယ်။
မြန်မာနိုင်ငံအတွင်းရှိ တိုင်းနဲ့ပြည်နယ် ဒေသအနှံ့အပြား တိုက်ပွဲပြင်းထန်နေတဲ့ တိုင်းရင်းသားဒေသတွေကလွဲပြီး ပြည်သူ့စစ်ဖွဲ့စည်းဖို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ကာ ဇန်နဝါရီလ ဒုတိယပတ်အတွင်း အပူတပြင်း ကြိုးပမ်းဆောင်ရွက်လာတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာလည်း ဇန်နဝါရီ ၁၄ ရက်က စတင်ကာ ကျေးရွာ ရပ်ကွက်တွေက စစ်ကောင်စီခန့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက အိမ်ထောင်စုဇယားပါ လူဦးရေစာရင်း ကောက်ယူခိုင်းတယ်လို့ ဒေသခံ ရွာသားတွေက ဆိုပါတယ်။
အစည်းအဝေးတက်ရောက်ခဲ့သူ ဟုမ္မလင်းဒေသခံတဦးက“မြို့နယ်ကနေ အတင်းဖိအားပေးပြီး ရပ်ရွာလုံခြုံရေးအတွက်လို့ အကြောင်းပြ ပြည်သူ့စစ်ဖွဲ့ခိုင်းတယ်။ လူမရတဲ့ရွာတွေကို PDF ရွာလို့ သတ်မှတ်ပြီး မီးရှို့မယ်၊ ထွက်ပြေးရင် မိသားစုကိုဖမ်းမယ်၊ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်သိမ်းဆည်းမယ်လို့ ခြိမ်းခြောက်ပြောဆိုတယ်။ အိမ်ထောင်စုအလိုက် တအိမ်တယောက် မလိုက်မနေရဆိုပြီး အုပ်ချုပ်ရေးမှူးရုံးမှာ အစည်းအဝေးလုပ် ခေါ်ပြောတာ” လို့ ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်မှာ နိုင်ငံရေးပါတီ ၃၉ ပါတီနဲ့ နေပြည်တော်မှာ တွေ့ဆုံကာ လုံခြုံရေးအတွက် ချိတ်ဆက်ဆောင်ရွက်ရာမှာ ပါဝင်လုပ်ကိုင်ကြဖို့ ပြောဆိုခဲ့ပြီးနောက် စစ်တပ်ထိန်းချုပ်မှုအောက်ရှိ နယ်မြေတွေမှာ ပြည်သူ့စစ်ဖွဲ့စည်းဖို့ ကြိုးပမ်းဆောင်ရွက်လာနေကြောင်း ပြည်တွင်းသတင်းဌာနတွေမှာ ရေးသားဖော်ပြပါတယ်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကမ်းနီကျေးရွာနဲ့ ဆင်တဲကုန်းကျေးရွာက ဒေသခံ အမျိုးသား၊ အမျိုးသမီး၊ ကလေး၊ လူကြီး အယောက် ၅၀ ကျော်ကို ပြည်သူ့စစ်သင်တန်းတက်ဖို့ စစ်ကောင်စီတပ်က ကမ်းနီရွာထိပ်မှာ ဇန်နဝါရီ ၁၃ ရက်က လူစုနေချိန် သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂ တပ်ခွဲ-၆ Black Dragon (GBK-PDF) နဲ့ ၃၈၀၁ တပ်ခွဲ-၁ YOMA (GBK-PDF) ကဝင်ရောက်တိုက်ခိုက်ကာ စုဆောင်းခံရသူ ၃၀ ကျော် ကယ်ထုတ်နိုင်ခဲ့တယ်လို့ Black Dragon GBK-PDF အဖွဲ့ တာဝန်ရှိသူက ထုတ်ပြန် ပြောပါတယ်။