ရီပတ်ဘလီကန်ပါတီကိုယ်စားပြု သမ္မတလောင်း အကြိုရွေးကောက်ပွဲ ပထမဆုံးပြည်နယ် အဖြစ် အိုင်အိုဝါပြည်နယ်မှာ လူထုစုဝေးရွေးကောက်ပွဲပုံစံ ကျင်းပခဲ့ရာမှာ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကပဲ အပြတ်အသတ် အနိုင်ရခဲ့တယ်လို့ Edison Research ရလဒ်ခန့်မှန်းချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်နဲ့ ကုလသမဂ္ဂသံအမတ်ဟောင်း နီကီဟေလီတို့ကတော့ ဒုတိယနေရာမှာ အပြိုင်ဖြစ်နေပါတယ်။
အစောပိုင်းစစ်တမ်းတွေအရလည်း ထရမ့်က အပြတ်သာနေခဲ့တာဖြစ်ပြီး ဒီဆန်းတစ်နဲ့ ဟေလီဟာ ဒုတိယနေရာကိုသာ လုနေရသလို ဖြစ်ခဲ့ပါတယ်။
အသက်အန္တရာယ်တောင် စိုးရိမ်ရနိုင်တဲ့ အေးခဲမှုအောက်မှာ အိုင်အိုဝါသားတွေဟာ စာသင်ကျောင်းတွေ၊ ကွန်မြူနတီစင်တာတွေ စုစုပေါင်း ၁,၆၀၀ လောက်မှာ ကျင်းပတဲ့ လူထုစုဝေးရွေးကောက်ပွဲတွေမှာ မဲလာပေးခဲ့ကြပါတယ်။
ပြစ်မှုကြောင်းအရ စွဲချက်လေးခုနဲ့ ရင်ဆိုင်နေရတဲ့ ထရမ့်ဟာ လာမယ့် နိုဝင်ဘာ ၅ ရက်မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမတိုင်မီ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရရင် ပြစ်ဒဏ်ကျခံရနိုင်ပါတယ်။
ဒါပေမဲ့ သူသာလျှင် ဒီမိုကရက်တစ်ပါတီက လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်ကို ယှဉ်နိုင်စွမ်းရှိတယ်ဆိုတဲ့ ပြောစကားကို မဲဆန္ဒရှင်တွေကလည်း လက်ခံထားကြကြောင်း အိုင်အိုဝါရလဒ်က သက်သေပြခဲ့ပါတယ်။
“ထရမ့်က အတ္တပေမသမား၊ ကြွစောင်းစောင်းလည်းနိုင်တယ်၊ ဒါပေမဲ့ အလုပ်ဖြစ်အောင် လုပ်နိုင်တယ်” လို့ အနောက် ဒက်စ်မိုးနက် အထက်တန်းကျောင်းက စုဝေးမဲပေးပွဲကိုလာတဲ့ ထရမ့်ထောက်ခံသူ ရီတာစတုန်းဆိုသူ အမျိုးသမီးက ပြောပါတယ်။
ဒီဆန်းတစ်နဲ့ ဟေလီကတော့ အိုင်အိုဝါမှာ မနိုင်ရင်တောင် အားကောင်းတဲ့ ဒုတိယနေရာရဖို့ အဓိကကြိုးစားခဲ့ပြီး နောက်ပြည်နယ်တွေမှာ ကျင်းပမယ့် အကြိုရွေးကောက်ပွဲတွေမှာ အလှည့်အပြောင်းလုပ်နိုင်ဖို့ မျှော်လင့်ထားကြပါတယ်။
Source/Photo-Reuters