အီရန်တော်လှန်ရေးအစောင့်တပ်တွေဟာ အီရတ်နိုင်ငံက တစိတ်တဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာဒစ္စတန်ဒေသမှာရှိတဲ့ အစ္စရေးရဲ့ မော့ဆက်ထောက်လှမ်းရေးရုံးကို ပဲ့ထိန်းဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၁၅ ရက်မှာ ဖော်ပြပါတယ်။
ဆီးရီးယားနိုင်ငံတွင်းမှာရှိတဲ့ အိုင်အက်စ် အဖွဲ့တွေကိုလည်း အီရန်အထူးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့လည်း တပါတည်း ထုတ်ပြန်ပါတယ်။
အစ္စရေး-ဟားမတ်စ် စစ်ပွဲကနေ စလိုက်တဲ့ ပဋိပက္ခဟာ အရှေ့အလယ်ပိုင်းတခုလုံး ကူးစက်လာမှာ စိုးရိမ်နေကြချိန်မှာ အီရန်က အခုလို တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
မော့ဆက်ရဲ့ရုံးကို တိုက်ခိုက်တာဟာ ပြီးခဲ့တဲ့လက ဆီးရီးယားမှာ စစ်ဘက်အကြံပေးလုပ်နေတဲ့ အီရန်အစောင့်တပ်ဖွဲ့က တပ်မှူးတဦး အပါအဝင် သုံးဦး အသတ်ခံခဲ့ရတာအတွက် လက်တုံ့ပြန်တာလို့ ဆိုပါတယ်။
မော့ဆက်ထောက်လှမ်းရေးရုံးလို့ ပြောပေမဲ့ အီရတ်နိုင်ငံတွင်းက ကာ့ဒ်ဒေသမြို့တော် အာဘီလ်က အမေရိကန်ကောင်စစ်ဝန်ရုံးနားမှာရှိတဲ့ လူနေဧရိယာကို ထိမှန်ခဲ့တာ ဖြစ်တယ်လို့ အီရတ်နိုင်ငံ ကာ့ဒ်ဒေသအစိုးရရဲ့ ဝန်ကြီးချုပ် မက်စရော ဘာဇာနီက ထုတ်ပြန်ပါတယ်။
ဒီလုပ်ရပ်ဟာ ကာ့ဒ်လူမျိုးတွေအပေါ် ရာဇဝတ်မှုကျူးလွန်တာ ဖြစ်တယ်လို့ ဘာဇာနီက ဆိုပါတယ်။
ကာ့ဒ်လူမျိုး စီးပွားရေးလုပ်ငန်းရှင် ပက်ရှ်ရောဒီဇာယီ အပါအဝင် မိသားစုဝင်အများအပြား သေဆုံးခဲ့တယ်လို့ ကာဒစ္စတန်ဘက်က ထုတ်ပြန်ပါတယ်။
ရှီးအိုက်မွတ်စလင်နိုင်ငံဖြစ်တဲ့ အီရန်ဟာ အစ္စရေး-ဟားမတ်စ် စစ်ပွဲမှာ ဆွန်နီမွတ်စလင် အများစုဖြစ်တဲ့ ဟားမတ်စ်ဘက်က ရပ်တည်ပေမဲ့ တဖက်မှာကျတော့ အိုင်အက်စ်လို ဆွန်နီအစွန်းရောက်အဖွဲ့ကို ရန်သူအဖြစ် သတ်မှတ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ဒီလအစောပိုင်းက အီရန်တပ်မှူး ကာဆင်မ် ဆိုလေမာနီ အတွက် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပနေတုန်း အိုင်အက်စ်အဖွဲ့က ဖောက်ခွဲတိုက်ခိုက်မှုကြောင့် လူ ၁၀၀ နီးပါး သေဆုံးခဲ့ပါတယ်။
Source/Photo-Reuters