ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ဖန်မြို့နယ်ရှိ မြန်မာနယ်စပ်အနီးမှာ ဇန်နဝါရီ ၁၅ ရက်ညက ထိုင်းကွန်မန်ဒို အမှတ် ၄ တပ်ဖွဲ့ဝင်တွေနဲ့ မူးယစ်ဆေး သယ်ဆောင်လာသူတွေကြား ပစ်ခတ်မှုဖြစ်ပြီး စိတ်ကြွဆေးပြား ၂ သိန်း ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ပရက်စ်သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းတပ်ဖွဲ့ဝင်တွေဟာ မနေ့ည ၉ နာရီခွဲလောက်က ဖန်မြို့နယ် မွမ့်ပင်ကျေးရွာအနီး တောစပ်တလျှောက် လုံခြုံရေး လှည့်လည်စစ်ဆေးစဉ် ဟိုလွန့်တောင်ပေါ်ကနေ ဆင်းလာတဲ့ လူ ၂ ဦး၊ ၃ ဦးခန့်ကို လှမ်းမြင်ရကြောင်း၊ သူတို့ဟာ ကျောပိုးအိတ်ကိုယ်စီ သယ်လာတာကြောင့် စစ်ဆေးဖို့ ရပ်မိန့်ပေးလိုက်စဉ် တဖက်က ရပ်မပေးဘဲ သေနတ်နဲ့ စတင်ပစ်ခတ်တယ်လို့ တာဝန်ရှိသူတဦးက သတင်းထောက်ကို ပြောပါတယ်။
ထိုင်းစစ်တပ်ဘက်ကလည်း ပြန်ပစ်ပြီး တဖက်နဲ့တဖက် ၅ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း၊ သေနတ်သံတွေ ငြိမ်သွားတဲ့အခါ အဲဒီနေရာကို သွားရောက်ပိတ်ဆို့ စစ်ဆေးရာ ကျောပိုးအိတ်လိုလုပ်ထားတဲ့ အိတ် ၂ လုံးနဲ့ တယ်လီဖုန်း ၁ လုံး သိမ်းဆည်းရမိတယ်၊ ဒဏ်ရာရ သေဆုံးသူတော့ တဦးမှမတွေ့ဘူးလို့ ဆိုပါတယ်။
အိတ်တလုံးစီမှာ အပြာရောင် ပလတ်စတစ်အိတ်တွေထဲ ထည့်ထားတဲ့ စိတ်ကြွဆေးပြား ၁ သိန်း စီပါတာကြောင့် စုစုပေါင်း စိတ်ကြွဆေး ၂ သိန်းကို သိမ်းဆည်းရကြောင်း၊ ကွင်းဆက်တွေလည်း ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ တာဝန်ရှိသူက ပြောသွားပါတယ်။
ပစ်ခတ်မှုဖြစ်တဲ့နေရာဟာ မြန်မာနယ်စပ်နဲ့ ၂ ကီလိုမီတာသာ ကွာဝေးပြီး တဖက်ခြမ်းမှာ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် တည်ရှိပါတယ်။