ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နဲ့ လင်းခေးမြို့တို့မှာ မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းတွေ အားလုံးက ကျောင်းထိုင်သံဃာတော်တွေကို ခေါ်ယူပြီး စစ်ကောင်စီတပ်က အတင်းအဓမ္မ ဆန္ဒပြခိုင်းတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ဆန္ဒပြပွဲကို ဒီနေ့ ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းက လွိုင်လင်မြို့မှာ လူဦးရေ ၉၀၀ ကျော်၊ လင်းခေးမြို့မှာ လူဦးရေ ၁,၀၀၀ ကျော်တို့နဲ့ ပြုလုပ်ခဲ့ပါတယ်။
လွိုင်လင်မြို့ခံတဦးက “လွိုင်လင်ကတော့ ဂေါက်ကွင်းကနေမှ မြို့လယ်အထိ ဆိုင်းဘုတ်ကိုင်ပြီး လာလုပ်ပေးဖို့ လာပြောတယ်ပေါ့နော်။ လုံခြုံရေးလည်း သူတို့ အပြည့်အဝ ယူပေးမယ်၊ မဖြစ်မနေသွားဖို့လည်း ပြောတယ်” လို့ ပြောပါတယ်။
ဆန္ဒပြပွဲမှာ “မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်ယုံကြည်သည့် ဘုရား စေတီ ဆင်းတုတော်များအား ဖျက်ဆီးသူ ဒို့ရန်သူ” စတဲ့ ဆိုင်းဘုတ်ကိုင်ဆွဲပြီး ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
တောင်ကြီးမြို့ပေါ်မှာလည်း ဇန်နဝါရီ ၁၃ ရက်က စစ်ကောင်စီနဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) တို့ ပူးပေါင်းပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်များ၊ ပျူစောထီးများ၊ အုပ်ချုပ်ရေးအဖွဲ့များနဲ့ အရပ်သားပြည်သူများကို နေ့စားခပေးကာ ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
လောက်ကိုင်ဒေသမှာ ကိုးကန့်တပ်ဖွဲ့ဝင် လူငယ်တယောက်က ဘုရားစေတီတဆူကို သံတူနဲ့ ထုရိုက်ခဲ့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့အစီအစဉ်နဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့ကြီးတွေမှာ ဆန္ဒပြနေတာ ဖြစ်ပါတယ်။
ဒီကိစ္စ တောင်းပန်တဲ့အကြောင်းနဲ့ ကျူးလွန်သူကို အရေးယူ အပြစ်ပေးမယ်လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)က ဇန်နဝါရီ ၉ ရက်နေ့စွဲနဲ့ ကြေညာ ထားပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က မြောက်ဦးရှေးဟောင်းဘုရားတွေအပါဝင် ဘုရားစေတီတွေ၊ ကျောင်းကန်တွေနဲ့ ဘုန်းကြီးကျောင်းတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ သံဃာတော်တွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတာတွေ ရှိပေမဲ့ မဘသတွေနဲ့ တပ်ထောက်ခံသူတွေက ဆန္ဒပြကြတာ မရှိပါဘူး။