Home
နိုင်ငံတကာ
အမေရိကန်ကို ပြင်းထန်ထိရောက်စွာ တုံ့ပြန်မည်ဟု ဟူသီသူပုန်အဖွဲ့ ပြော
DVB
·
January 15, 2024
Houthi_15012024

ဟူသီသူပုန်အဖွဲ့ကို အမေရိကန်က နောက်ထပ် ညလုံးပေါက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် ပြင်းထန်ပြီး ထိရောက်တဲ့ တုံ့ပြန်မှု လုပ်ဆောင်သွားမယ်လို့ ဟူသီပြောရေးဆိုခွင့်ရှိသူ နက်စ်ရူလ်ဒီးန် အာမာက အယ်လ်ဂျာဇီးရား သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီ ၁၃ ရက်နေ့မှာ ဟူသီသူပုန်အဖွဲ့ဟာ ယီမင်နိုင်ငံ အနောက်မြောက်ပိုင်း ဆာဒါးမြို့မှာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး ဟူသီသူပုန်တွေ ထုတ်ပြလိုက်တဲ့ ဗီဒီယိုထဲမှာ တာဝန်ရှိသူတွေဟာ မော်တာပစ်လွှတ်မှုတွေနဲ့ စစ်သွေးကြွတွေရဲ့ စစ်ဆင်ရေးလှုပ်ရှားမှုတွေ အပါအဝင် စစ်ရေးလေ့ကျင့်မှုတွေကို ကြည့်ရှုနေတာ မြင်တွေ့ရပါတယ်။

ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်နဲ့ အစ္စရေးတို့ စစ်ပွဲဖြစ်ပွားပြီးကတည်းက လက်ဘနွန်၊ ဆီးရီးယားနဲ့ အီရတ်တို့ကနေ ရုန်းကြွလာတဲ့ အီရန်ရဲ့ မဟာမိတ်တွေရဲ့ တိုက်ခိုက်မှုတွေဟာ ဒေသတွင်း ပျံ့နှံ့အရှိန်မြင့်လာလို့ စိုးရိမ်မှုတွေ တိုးလာနေကြတာပါ။

ယီမင်ရှိ ဟူသီအဆောက်အဦတွေကို အမေရိကန်နဲ့ ဗြိတိန်တို့က ဒါဇင်နဲ့ချီတဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့အပြီး တရက်အကြာ နောက်ဆုံးတိုက်ခိုက်မှုကြောင့် ရေဒါဆိုက်တခုကို ထိမှန်ခဲ့ကြောင်း အမေရိကန်က ပြောကြားခဲ့ပါတယ်။

ဆာနားရှိ စစ်အခြေစိုက်စခန်းကို တညလုံး ဝင်တိုက်ခဲ့တဲ့ တိုက်ခိုက်မှု အပါအဝင် အဲဒီတိုက်ခိုက်မှုတွေဟာ ပင်လယ်နီနဲ့ အာရေဗျပင်လယ်ကို ဖြတ်သန်းသွားလာနေတဲ့ အစ္စရေးနဲ့ ဆက်နွှယ်နေတဲ့ သင်္ဘောတွေကို တားဆီးမယ့် ဟူသီရဲ့စွမ်းရည်အပေါ် သိသိသာသာ သက်ရောက်မှုမရှိကြောင်း နောက်ထပ် ဟူသီပြောရေးဆိုခွင့်ရှိသူ မိုဟာမဒ် အဗ္ဗဒူလ်ဆလမ်က ရိုက်တာကို ပြောကြားပါတယ်။

အမေရိကန်နဲ့ ဗြိတိသျှတို့ရဲ့ တိုက်ခိုက်မှုတွေဟာ အကျိုးသက်ရောက်မှုကောင်းတွေ ရှိခဲ့တယ်လို့ ပင်တဂွန်က သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

ဟူသီတွေက သူတို့ရဲ့ ရေကြောင်းစစ်ဆင်ရေးဟာ ဂါဇာမှာ အစ္စရေးရဲ့ ဝိုင်းရံထားမှုနဲ့ တိုက်ခိုက်မှုအောက်ရှိ ပါလက်စတိုင်းတွေကို ပံ့ပိုးကူညီဖို့ ရည်ရွယ်ကြောင်း ပြောထားပေမဲ့ သူတို့ပစ်မှတ်ထား တိုက်ခိုက်တဲ့ သင်္ဘောအများအပြားဟာ အစ္စရေးနဲ့ ဆက်စပ်မှု မရှိပါဘူး။

မြို့တော် ဆာနားနဲ့ ယီမင်ရဲ့ အနောက်ဘက်နဲ့ မြောက်ဘက်က နေရာအများအပြားကို ထိန်းချုပ်ထားတဲ့ ဟူသီအဖွဲ့ကိုယ်တိုင် ပင်လယ်နီမှာ အစ္စရေးကို ဒရုန်းတွေနဲ့ ဒုံးကျည်တွေ ပစ်လွှတ်ခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024