Home
မြန်မာသတင်း
မတူပီတွင် ဆန်ဈေးအဆမတန်မြင့်တက်၊ ကန်ပက်လက်မြို့နယ်၌ စစ်ရှောင်များ အကူအညီ လိုအပ်
DVB
·
January 15, 2024
Kyin Dwe_15012024
MatuPi_15012024
Kyin Dwe IDPs_15012024

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့မှာ ဆန်ဈေး အဆမတန် မြင့်တက်နေပြီး ဝယ်ရခက်နေလို့ ဒေသခံတွေ စားရေးသောက်ရေး ခက်ခဲနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မတူပီမြို့ကို ကုန်တင်ကားတွေ မဝင်ရောက်တဲ့အတွက် ဆန်ဝယ်ရခက်နေပြီး ဆန်တပုံး (နို့ဆီဘူးခွက် ၇၀) ကို ငွေကျပ် ၆၀,၀၀၀ ပေးဝယ်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ကတည်းက စစ်ကောင်စီတပ်က မတူပီမြို့ထဲကို ကုန်တင်ကား အဝင်အထွက် ပိတ်ပင်ခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။

မတူပီမြို့ခံတဦးက “ဆန်တွေ ပြတ်နေတယ်၊ တခြား စားသောက်ကုန်လည်း ပြတ်တယ်၊ အောက်ပြည်ဘက်က ကားတွေဝင်ရင်တောင် ခရီးသည်ကားတွေပဲ သွားလို့ရတာ၊ ကုန်အများကြီး မတင်ရဘူး၊ အဲဒါကြောင့်လည်း ဆန်သယ်ဖို့ခက်နေတာ” လို့ ပြောပါတယ်။

မတူပီမြို့ပေါ်မှာ စည်ပင်အဖွဲ့ရဲ့ ရေပေးဝေမှု မလုံလောက်တဲ့အတွက် မြို့ခံတွေ ရေအခက်အခဲ ကြုံနေရပြီး လျှပ်စစ်မီးကလည်း မေလ ၁၄ ရက် မိုခါမုန်တိုင်းပြီးကတည်းက ပြတ်တောက်ခဲ့ပြီး အခုအချိန်ထိ လျှပ်စစ်မီး ပြန်လည်မရရှိသေးပါဘူး။

မတူပီမြို့ပေါ်နေ ပြည်သူအများစုဟာ တခြားဒေသတွေနဲ့ အိန္ဒိယနိုင်ငံဘက်ကို ပြောင်းရွှေ့နေထိုင်ကြရပြီး ပြောင်းရွှေ့စရာ နေရာမရှိတဲ့ ပြည်သူနဲ့ စစ်ကောင်စီတပ်ကို ထောက်ခံတဲ့ မြို့ခံပြည်သူ ၃ ပုံ ၁ ပုံသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့မှာတော့ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ဘေးရှောင်ပြည်သူတွေလည်း အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက် မနက်ပိုင်းကစပြီး ကျင်ဒွေးအထက်တန်းကျောင်းနဲ့ ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲကြောင့် ကန်ပက်လက်-ကျင်ဒွေး ကားလမ်းတလျှောက် ကျေးရွာတွေနဲ့ ကျင်ဒွေးမြို့ ဘေးပတ်လည်က ကျေးရွာတွေ အပါအဝင် ရွာပေါင်း ၂၀ လောက်က ပြည်သူ ၃,၅၀၀ ကျော် တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

စစ်ဘေးရှောင်တွေဟာ တောတောင်တွေနဲ့ ဆောမြို့နယ်ဘက်ကို တိမ်းရှောင်ကြရပြီး စစ်ရှောင်ကာလ ၁ လနီးပါး ရှိလာပြီဖြစ်တဲ့အတွက် အခြေခံစားနပ်ရိက္ခာနဲ့ စောင်တွေ လိုအပ်နေတယ်လို့လည်း အကူအညီပေးနေသူတွေက ပြောပါတယ်။

စစ်ဘေးရှောင်တဦးက “ပြည်သူတွေကတော့ အကုန်ရှောင်ကြရတာပါပဲ၊ ကျင်ဒွေးတမြို့လုံး လူကုန်ပြီ။ မြို့ထဲမှာ လက်နက်ကိုင်တွေပဲ ကျန်ခဲ့တာ။ ပြည်သူတွေ စားဖို့သောက်ဖို့က ဒေသခံအဖွဲ့တွေရယ်၊ လူမှုရေးအဖွဲ့တွေ၊ NGO တွေက ထောက်ပံ့ပေးနေတယ်ပေါ့။ အဆင်မပြေပေမယ့်လည်း ပြေအောင်နေကြရတာပဲ။ ရာသီဥတုကတော့ အရမ်းအေးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က တိုက်ပွဲစတင်တဲ့ နေ့ကတည်းက လေကြောင်းတိုက်ခိုက်မှု နေ့စဉ်နီးပါး ပြုလုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်ကရော စစ်ကောင်စီတပ်ဘက်ကပါ ထိခိုက်သေဆုံးမှုတွေ ရှိပေမဲ့ ဘယ်အဖွဲ့အစည်းကမှ တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024