ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ ပူးပေါင်းတပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ် စခန်းကုန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိထားတယ်လို့ မိုးမိတ်ခရိုင် KPDF တပ်ရင်းက ထုတ်ပြန်ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)အမှတ် ( ၃၄) တပ်ရင်း၊ မဟာမိတ် ရှမ်းမြောက် ABSDFကျောင်းသားတပ်မတော်၊ မဟာမိတ် အမှတ် (၃၄) K-PDF တပ်ရင်းနဲ့ စစ်ကောင်စီတပ်တို့ ဇန်နဝါရီ ၁ ရက်ကနေ ဇန်နဝါရီ ၁၁ ရက် အထိ တိုက်ပွဲတွေဖြစ်ခဲ့တာပါ။
ဇန်နဝါရီ ၁၁ ရက်မှာတော့ မိုးမိတ်မြို့နယ် ကမန်ပတ်ကျေးရွာ ဘုရားတောင်ကုန်းထိပ်မှာစခန်းချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စစ်သားစခန်းကို ဇန်နဝါရီ ၁ ရက်မှာ သိမ်းပိုက်ရရှိခဲ့ပြီး မိုးမိတ်မြို့နယ် အုန်းချောရွာသစ် ရေအားလျှပ်စစ်ခွဲရုံးကို သိမ်းပိုက်ရရှိခဲ့တယ်လို့ မိုးမိတ်ခရိုင် KPDF တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
မန်ဖွယ်ရွာဟောင်း စေတီကုန်းအနီးမှာလည်း ဇန်နဝါရီ ၉ ရက်က စစ်ကောင်စီတပ်နဲ့ အေအိုင်အေ ပူးပေါင်းတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပေမဲ့ ကေအိုင်အေ ပူးပေါင်းတပ်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
အုန်းချောရွာသစ် ရေအားလျှပ်စစ်ခွဲရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စစ်သားတွေကို တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိကာ ၅ ဦး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
မိုးမိတ်မြို့နယ် အုံးကြောရွာသစ်ဘက်ကို ရွှေဇာလီကစစ်တပ်က ဇန်နဝါရီ ၁၂ ရက်နေ့မှာ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ နေအိမ်ပေါ်ကို လက်နက်ကျည်ကျပြီး လင်မယားနှစ်ယောက် သေဆုံးခဲ့ပါတယ်။
မိုးမိတ်မြို့ပေါ်ဒေသခံတစ်ဦးက “မြို့ထဲကနေ ပစ်သံတွေကြားနေရတယ်၊ တရက်နေ့ကစပြီး လူတွေတော့ ဖြည်းဖြည်းချင်း ရှောင်ကုန်ကြပြီ၊ ခုမြို့ထဲမှာ အိမ်စောင့်ပဲ ကျန်ခဲ့တယ်။ မြို့ထဲလည်း တိတ်ဆိတ်ခြောက်ကပ်နေတဲ့နေရာတွေ ရှိတယ်၊ ပစ်သံတွေ ကြားရင်တော့ ကြောက်တာပေါ့"လို့ ပြောပါတယ်။
မိုးမိတ်မြို့နယ်တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးသလို မိုးမိတ်ခရိုင် KPDF တပ်ရင်းကို ဒီဗွီဘီအနေနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ရှိ စစ်ရေးအခြေနေအရ ဖြေကြားဖို့ အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။