စစ်ကောင်စီတပ်သားတွေအနေနဲ့ အသက်မသေချင်၊ မနာချင်ရင် စောစောစီးစီး အလံဖြူထောင်ဖို့ ရက္ခိုင့်တပ်တော် (အေအေ) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဇန်နဝါရီ ၁၅ ရက် ဒီနေ့ သူရဲ့ X လူမှုကွန်ရက်စာမျက်နှာမှာ သတိပေးထားပါတယ်။
အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “မသေ၊ မနာချင်ရင် စောစောစီးစီး အလံဖြူထောင်၊ ထွက်ပြေးချင်တယ် လမ်းဖွင့်ပေးပါ ဘာညာ ခွင့်တောင်းပေါ့။ ခြံစည်းရိုး ၃ ထပ်လုံးပေါက်၊ ကတုတ်ကျင်းထဲမှာ ဂေါင်းပေါ်-ပြောင်းတည့်ထားပြီးမှ လမ်းဖွင့်ပေးပါတော့ မလုပ်နဲ့ အာ့ဒါကို အရှင်ဖမ်းမိတာလို့သတ်မှတ်တယ်” လို့ သူရဲ့ X လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။
အခုရက်ပိုင်းမှာ စစ်ကောင်စီရဲ့ တပ်စခန်းတွေဖြစ်တဲ့ ရသေ့တောင်မြို့နယ် ရေစိုးချောင်း ဗျူဟာကုန်းနဲ့ အမျက်တောင်တပ်စခန်းက စစ်ကောင်စီတပ်သား ၂၀၀ ကျော်နဲ့ မြောက်ဦးမြို့နယ် လင်းမြွေတောင်တပ်စခန်းက စစ်ကောင်စီတပ်သားတွေဟာ အေအေထံ ခွင့်မတောင်းဘဲ ဆင်းလာတာကြောင့် ကြားဖြတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ အေအေ ဝိုင်းဝန်းပိတ်ဆို့ထားတာကြောင့် စားနပ်ရိက္ခာ ပြတ်တောက်လာတဲ့အတွက် စခန်းစွန့်ခွာ ထွက်ပြေးလာကြတာလို့ ရသေ့တောင် ဒေသခံတဦးက ပြောပါတယ်။
“ရက္ခိုင့်တပ်တော်က စစ်ကောင်စီရဲ့ ဗျူဟာကုန်း၊ တပ်ရင်း၊ တပ်စခန်းတိုင်းကို ဝိုင်းဝန်း ပိတ်ဆို့ထားပြီး ဖြစ်တယ်။ ရိက္ခာကိုလည်း လေကြောင်းကပဲ ပို့လို့ရတော့တယ်။ တချို့စခန်းတွေဆိုရင် လနဲ့ချီရှိပြီ ရိက္ခာမရကြတာ။ အဲဒါကြောင့် တောင့်မခံနိုင်တော့ တပ်ဆုတ်တာ၊ စခန်းစွန့်တာတွေ ဖြစ်ကြတာ။ အဲဒီမှာ အေအေ ခွင့်ပြုချက်မရဘဲ သွားရင်တော့ ချေမှုန်းခံရဖို့ပဲရှိတယ်။”
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ ဗျူဟာကုန်း၊ တပ်ရင်း၊ တပ်စခန်းပေါင်း ၁၆၀ ကျော်အထိ ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။
ဒါ့အပြင် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီရဲ့ ဗျူဟာကုန်း၊ တပ်ရင်း၊ တပ်စခန်းအားလုံးကို အေအေက သိမ်းပိုက်လိုက်ပြီး မြို့နယ်တခုလုံးကို ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။