ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှာ ဇန်နဝါရီ ၁၃ ရက် ညနေ ၃ နာရီလောက်က ဓာတ်တိုင်ပေါ် ဝိုင်ဖိုင်ကြိုးပြုပြင်ရာက အမျိုးသားတယောက် ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးအသင်းက သိရပါတယ်။
မရမ်းကုန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံ၊ ယင်းမာပင်လမ်းမှာ ဇန်နဝါရီ ၁၃ ရက် ညနေ ၃ နာရီလောက်က အမျိုးသားတယောက် ဓာတ်လိုက်သေဆုံးနေကြောင်း ဖုန်းဆက်သွယ် အကြောင်းကြားလာမှုအပေါ် သွားရောက်ကူညီပေးခဲ့တယ်လို့ မြတ်ကုသိုလ် လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။
“ဓာတ်လိုက်သေဆုံးတာက လူငယ်ပိုင်းပါပဲ၊ ကိုသက်ဝေဖြိုးပါ။ အသက်က ၁၈ နှစ်လောက်ပဲ ရှိသေးတယ်။ လမ်းဓာတ်မီးတိုင်ပေါ်က ဝိုင်ဖိုင်ကြိုးကို တက်ပြင်ရာကနေ ဓာတ်လိုက်ပြီး ဆုံးသွားတာပါ။”
ဓာတ်တိုင်ပေါ် ဝိုင်ဖိုင်ကြိုးတွေ တက်ပြုပြင်ရာက ဓာတ်လိုက်သေဆုံးခဲ့သူ အသက် ၁၈ နှစ်အရွယ်ရှိ ကိုသက်ဝေဖြိုးရဲ့ ရုပ်အလောင်းကို မြောက်ဥက္ကလာပဆေးရုံရှိ ရင်ခွဲရုံကို မြတ်ကုသိုလ်အသင်း အကူအညီနဲ့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။