ကလော-မိတ္ထီလာလမ်း ရှမ်းပြည်နယ်၊ ကလေးမြို့နယ်၊ ဝက်ဖြူရေကျေးရွာ အောက်ဘက် မဂွေဘုန်းကြီးကျောင်းအနီးမှာ ကန်တာ ကားတစီး ဘရိတ်ပါက်ပြီး ပေ ၃၀ လောက်ရှိတဲ့ လမ်းနံဘေး ချောက်ထဲကျရောက် တိမ်းမှောက်မှုလို့ ယာဉ်မောင်းသေဆုံးခဲ့တယ်လို့ အောင်ပန်း နာရေးကူညီမှု အသင်းထံက သိရပါတယ်။
ဇန်နဝါရီ ၁၅ ရက် ဒီနေ့မနက် ၂ နာရီက ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းမှာ ကားဦးခေါင်းအတွင်း ညပ်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သွားရောက်ကူညီခဲ့တဲ့ ပရဟိတအဖွဲ့ဝင်တဦးက “ကားကို ကရိန်းနဲ့ ၃ နာရီမှာ ပြန်ဆွဲထုတ်ခဲ့တယ်။ ဆွဲထုတ်ပြီးတဲ့အချိန် ယာဉ်မောင်းက ကားဦးခေါင်းထဲမှာ အသက်မရှိတော့ပါဘူး။ ကားစပယ်ယာတော့ ထိခိုက်ဒဏ်ရာပဲရခဲ့တယ်” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ ယာဉ်မောင်းဟာ အောင်ပန်းမြို့ ဇောတိရပ်ကွက်နေ ကိုကျော် ဖြစ်ပြီး သူ့ရဲ့ အလောင်းကို ကလောဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ထားပါတယ်။