အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ အကြံပေးဘုတ်အဖွဲ့ကို အမျိုးသမီးအရေး၊ လူနည်းစုအရေး၊ လူ့အခွင့်ရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ အဖွဲ့ဝင် ၅ ဦးနဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။
NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှာ အရင်က ဖွဲ့စည်းခဲ့တဲ့ အကြံပေးဘုတ်အဖွဲ့ကို အခုလို အဖွဲ့ဝင်သစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်တာလို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဇန်နဝါရီလ ၁၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။
အကြံပေးဘုတ်အဖွဲ့ဝင်တွေထဲမှာ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ ဒေါ်ခင်လေး၊ ကျားမတန်းတူညီမျှရေးဆိုင်ရာ ကျွမ်းကျင်သူလည်းဖြစ် ငြိမ်းချမ်းရေးနှင့် လူနည်းစုအခွင့်အရေး ဆိုင်ရာ တက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ ခေါန်နွေဦး၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးပညာပေး ကိစ္စရပ်များ ကျွမ်းကျင်သူ ဒေါ်မေပုလဲသွယ်၊ အမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုနှင့် စည်းရုံးရေးလုပ်ငန်းများကို တက်ကြွလှုပ်ရှားဆောင်ရွက်သူ ဒေါ်ဟေမာန်၊ ရိုဟင်ဂျာအရေးနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ထိတွေ့ဆက်ဆံမှုဆိုင်ရာ ကျွမ်းကျင်သူ ဂျာဗဲဒ်အာလောမ် တို့ပါဝင်တာ ဖြစ်ပါတယ်။
အကြံပေးအဖွဲ့ဝင်တွေရဲ့ စုံလင်ကွဲပြားတဲ့ ကျွမ်းကျင်မှုတွေနဲ့ လူ့အခွင့်အရေးအပေါ် သန္နိဋ္ဌာန်ခိုင်မာမှုက ဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေကို သိသာထင်ရှားစွာ အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနဟာ မြန်မာပြည်တွင်းက လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေကို အချက်အလက်မှတ်တမ်းရယူပြီး ကုလသမဂ္ဂ လူ့အခွင့်ရေး ကျွမ်းကျင်သူတွေထံ ပေးပို့ဆက်သွယ်ဆောင်ရွက်နေတာ ရှိသလို အာဆီယံဒေသတွင်းနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာလည်း ရှိနေပါတယ်။