မြောက်ကိုရီးယားဟာ သူ့ရဲ့အရှေ့ဘက်ကမ်းရိုးတန်းကနေ ပဲ့ထိန်းဒုံးကျည်တစင်း ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က ဇန်နဝါရီ ၁၄ ရက်က ပြောပါတယ်။
ဒုံးကျည်လို့ ယူဆရတဲ့ ဒုံးလက်နက်တခု ပြုတ်ကျထားတယ်လို့လည်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။
အဲဒီဒုံးကျည်ဟာ ဂျပန်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန် အပြင်ဘက်မှာ ကျဆင်းသွားပုံပေါ်တယ်လို့ အများပိုင် ရုပ်သံလိုင်း NHK က အစီရင်ခံထားပါတယ်။
ဂျပန်အစိုးရက မြောက်ကိုရီးယားဒုံးကျည် ပစ်လွှတ်မှု သတင်းအချက်အလက်တွေ စုဆောင်းပြီး အခြေအနေတွေကို ခွဲခြမ်းစိတ်ဖြာနေပါတယ်လို့ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ငလျင်ဒဏ်ခံရတဲ့ဒေသကိုလာရောက်တဲ့အချိန်မှာ သတင်းထောက်တွေကို ပြောပါတယ်။
အခြေအနေကို နားလည်သဘောပေါက်ပြီး ပြည်သူကို သင့်လျော်တဲ့ သတင်းအချက်အလက်တွေ ပေးဖို့၊ ရေယာဉ်တွေ ဘေးကင်းစေဖို့နဲ့ တတိယအနေနဲ့ကတော့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေကို တုံ့ပြန်ရာမှာ ဖြစ်နိုင်ခြေရှိတဲ့ အတိုင်းအတာအားလုံးကို လုပ်ဆောင်ဖို့ ဆိုတဲ့ အမိန့် ၃ ခုကိုပဲ သက်ဆိုင်ရာဌာနတွေကို ပေးထားတယ်လို့ ဝန်ကြီးချုပ်က ပြောဆိုပါတယ်။
အခြေအနေတွေကို သေချာစစ်ဆေးပြီးရင် အစိုးရအနေနဲ့ အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပခြင်းအပါအဝင် ဒုံးကျည်ပစ်လွှတ်မှုအပေါ် ဘယ်လို တုံ့ပြန်မယ်ဆိုတာကို ဆုံးဖြတ်သွားမယ်လို့လည်း ဆိုပါတယ်။
ပြုံယမ်းဟာ မကြာသေးခင်ကပဲ တိုက်ချင်းပစ် ဒုံးကျည်တစင်းနဲ့ သူ့ရဲ့ပထမဆုံး စစ်ထောက်လှမ်းရေး ဂြိုဟ်တုကို နိုဝင်ဘာလမှာ လွှတ်တင်ခဲ့ပြီးကတည်းက ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်လာချိန်မှာပဲ အခုနောက်ဆုံး ဒုံးကျည်တစင်း ထပ်ပြီး ပစ်လွှတ်လာတာ ဖြစ်ပါတယ်။
Source/Photo - KCNA via REUTERS