အင်ဒိုနီးရှားနိုင်ငံက မာရာပီမီးတောင်ဟာ လွန်ခဲ့တဲ့တစ်လကျော်က ပေါက်ကွဲခဲ့ပြီးတဲ့နောက် ဇန်နဝါရီ ၁၄ ရက်မှာ ထပ်မံပေါက်ကွဲပြန်ပြီး ပြာမှုန်တွေ အမြင့် မီတာ ၁၃၀၀ (ပေ ၄၃၀၀) အထိ မြင့်တက်ခဲ့တယ်လို့ အင်ဒိုဘူမိဗေဒတိုင်းတာရေးဌာနက ထုတ်ပြန်ပါတယ်။
အနောက်ဆူမားတြားကျွန်းမှာရှိတဲ့ မီးတောင်ဟာ တနင်္ဂနွေနေ့က နှစ်ကြိမ်တောင် ပေါက်ခဲ့တာဖြစ်ပြီး မီးတောင်ချော်ရည်တွေ မြစ်တွေ၊ လျှိုမြောင်တွေထဲ စီးဆင်းမှာ စိုးရိမ်တဲ့အတွက် ပေါက်ကွဲမှုဗဟိုချက်ကနေ ၂ ဒသမ ၈ မိုင်ပတ်လည်အတွင်းက ပြည်သူတွေ နေရပ်စွန့်ခွာဖို့ တိုက်တွန်းထားပါတယ်။
ပြာမှုန်မိုးရွာမယ်ဆိုရင် ဒေသခံတွေအနေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာမဖြစ်အောင် မက်စ်တွေ တပ်ဖို့ပါ တိုက်တွန်းထားပါတယ်။
ဆူမားတြားရဲ့ အလှုပ်ခတ်ဆုံးမီးတောင်ရဲ့ ဒီဇင်ဘာလ အတွင်းပေါက်ကွဲမှုက ပိုပြင်းထန်ခဲ့ပြီး ပြာမှုန်တိမ်တိုက်တွေဟာ အမြင့်ပေ ၃ ကီလိုမီတာ (၂ မိုင်) အထိ တက်ခဲ့ပါတယ်။
အင်ဒိုနီးရှားဟာ “ပစိဖိတ်မီးကွင်း” လို့ခေါ်တဲ့ ငလျင်လှုပ်နိုင်ခြေ မြင့်မားတဲ့ရပ်ဝန်းထဲမှာ တည်ရှိပါတယ်။
တနင်္ဂနွေနဲ့ ပေါက်ကွဲမှုက ထွက်လာတဲ့ မီးတောင်ပြာမှုန်တွေဟာ အနီးက အိမ်တွေ၊ ကားတွေကို ဖုံးလွှမ်းကုန်တာကြောင့် ဒေသခံတွေကို ကယ်ဆယ်ရေးတဲတွေနဲ့ ထားရှိပေးထားတယ်လို့ သိရပါတယ်။
ဒေသခံအများအပြားကို အသက်ရှူလမ်းကြောင်းဆိုင်ရာ စစ်ဆေးမှုတွေလည်း လုပ်ဆောင်ပေးနေပြီး မက်စ်တွေလည်း ဝေငှပေးထားတယ်လို့ ဒေသအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
Source/Photo - Reuters